နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်းဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်းဖြစ်






MNP ၊ အောက်တိုဘာ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။


အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနှင့်အတူ (NMSP) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်နှင့် ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်းတို့ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်းဖြစ်သည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကိုရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် လေးလေးနက်နက် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယခုကဲ့သို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခွင့်ရပြီး မည်သည့်ကန့်သတ်ချက်မျှမထားရှိဘဲ ဆွေးနွေးခွင့်ရရှိသည့်အတွက် အားရကျေးဇူးတင်ရှိသည့် အခြေအနေများ၊ မွန်ပြည်သစ်ပါတီ (NMSP)အနေဖြင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေးကို ရည်မှန်းချက်ထားပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် အစဉ်တစိုက်ပါဝင် လျှောက်လှမ်းနေသည့် အခြေအနေများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးအရသာ ဆွေးနွေးဖြေရှင်းရေးကိုလည်း ရပ်တည်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးသည်။


ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်ဖြစ်သည့် အခြေအနေများ၊ ပါတီများကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက နိုင်ငံရေးကို အခြေခံသည့်ပါတီ၊ ဒေသကို ကိုယ်စားပြုသည့်ပါတီ၊ တိုင်းရင်းသားကို ကိုယ်စားပြုသည့်ပါတီဟူ၍ရှိပြီး မိမိတို့တစ်ဖွဲ့တည်း၊ တစ်ပါတီတည်း ကြည့်၍မရဘဲ ပြည်ထောင်စုစိတ်ဖြင့် ပြည်ထောင်စုအကျိုးကို ရှေးရှုဆောင်ရွက်ကြရန်လိုသည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြသည်။


အဆိုပါ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)