သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဘားအံမြို့ရှိ ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကောင်းမှုကုသိုလ် ပြုသူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဘားအံမြို့ရှိ ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကောင်းမှုကုသိုလ် ပြုသူများဖြင့် စည်ကား

 


MNP - အောက်တိုဘာ   ၁၀


 ကရင်ပြည်နယ်၊  ဘားအံမြို့သည် တည်ငြိမ်အေးချမ်းလျက် ရှိပြီး ယမန်နေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဘားအံမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများ၊ သာသနိက အဆောက်အအုံများတွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ကပ်လှူပူဇော်ကြသူများ၊ ကောင်းမှုကုသိုလ် ပြုကြသူများဖြင့် အထူးစည်ကားလျက် ရှိသည်။


သဗ္ဗညုတ ဉာဏ်တော်ရှင် မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်၌ နတ်ဗြဟ္မာ အပေါင်းတို့အား ဝါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော် မူပြီးနောက် လူ့ပြည်သ င်္ကဿနဂိုရ် ပြည်သို့ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် ပြန်လည် ဆင်းသက်လာတော် မူသည်ကို အာရုံပြု၍ ဘားအံမြို့ပေါ်ရှိ ဗုဒ္ဓဘာသာနွယ်ဝင် ပြည်သူအပေါင်းတို့က သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)တွင် မိမိတို့ နေအိမ်ခြံဝင်းများ၌ မိသားစုအလိုက် သော်လည်းကောင်း၊  အစုအဖွဲ့များဖြင့် ရပ်ကွက်/ ကျေးရွာအတွင်းရှိ လမ်းများ၊ အထင်ကရ တန်ခိုးကြီး ဘုရားများ၊ ကျောင်း၊ ကန်၊ စေတီ၊ ပုထိုးများတွင် ဆီမီးတန်ဆောင်များ ထွန်းညှိပူဇော်၍ ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် အဘိဓမ္မာတရားကို ပွားများပူဇော် ကောင်းမှုကုသိုလ် ပြုနေကြပုံများကို မြင်တွေ့ရသည်မှာ ကိုယ်စိတ်နှလုံး ကြည်နူး ချမ်းမြေ့ဖွယ် ကောင်းလှပေသည်။


သီတင်းကျွတ် လပြည့်နေ့ နံနက်ပိုင်းမှ စတင်၍ ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၀ ကျော်တို့တွင် သီးတင်းသုံး နေထိုင်တော် မူကြသည့် ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များအား ဆွမ်း၊ ခဲဘွယ်နှင့် လှူဖွယ် ဝတ္ထုပစ္စည်း ဆက်ကပ် လှူဒါန်းကြသူများ၊ ဥပုဒ်သီလ ခံယူ ဆောက်တည်ကြသူများဖြင့် စည်ကားလျှက်ရှိပြီး မြို့ပေါ် လမ်းတစ်လျှောက်တွင်လည်း ကျောင်း၊ ကန်၊ ဘုရားသွားသူများ လိုက်ပါ ပို့ဆောင်သူများ၊ မြို့နှင့် ပတ်ဝန်းကျင်ရှိ အထင်ကရ နေရာများသို့ တစ်ရက်တာ အပန်းဖြေ ဘုရားဖူး ထွက်သူများနှင့် စည်ကားလျက် ရှိသည်။


မြန်မာသက္ကရာဇ် (၄၁၉)နှစ် (အေဒီ-၁၀၅၇) အနော်ရထာ မင်းလက်ထက် သထုံပြည်ကို တိုက်ခိုက် သိမ်းယူချိန် သထုံမနူဟာ မင်းကြီး၏ သားတော်နှစ်ပါးဖြစ်သော သီဟကုမ္မာရနှင့် စိတ္တကုမ္မာရ မင်းသားနှစ်ပါး ရှောင်တိမ်းထွက်ပြေး ခိုလှုံရာမှ အစွဲပြု အမည်တွင်သော ရှေးကျသော ဘုရင့်ညီနောင် လိုဏ်ဂူတွင် ကိန်းဝပ် စံပယ်လျက်ရှိသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စေတီတော်၊ ရုပ်ပွားတော်များ၊ ရှေ့ဟောင်း ဂဝံအုပ်ချပ်ကြီးများ၊ လက်ရေးစင် အမှတ်အသားပါ အုပ်ချပ်ကြီးများ၊ ကျောက်ကပ် ဘုရားများကို လာရောက် ဖူးမျှော်သူများ စည်ကားလျက် ရှိသကဲ့သို့ နွေ၊ မိုး၊ ဆောင်း အဆက်မပြတ် စီးဆင်းနေသော သဘာဝ ရေပူစမ်းပေါက်ကြီးနှင့် ရေအေး စမ်းပေါက်တို့မှ ရေပူရေအေးများ ရောနှောခြင်းမရှိ တစ်ခြမ်းစီ ထွက်ရှိ စီးဆင်းနေမှုအား ကွန်ကရစ် ရေကန်များဖြင့် ကာရံ၍ ရေချိုး၊ ရေးကူးသူများလည်း ရှိသည်။


ထို့အတူ သမိုင်းတန်ဖိုး ကြီးမားသော ရှေ့ဟောင်း သမိုင်းဝင် ကော့ဂွန်းဂူတော်ကြီး၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ အုတ်ကျောက်၊ အင်္ဂတေ၊ သစ်သားတို့ဖြင့် ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး၊ အနေအထား အမျိုးတို့ဖြင့် ထုလုပ်စီမံထားသော ဆင်းတုတော်များ၊ ရုပ်လုံး ရုပ်ကြွများ၊ ကျောက်ကပ် အုတ်ခွက်ဘုရားများ၊ မင်စာဟုထင်ရသည့် ရှေးဟောင်းစာများ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ ရုပ်ပွားတော်များကို လာရောက် ဖူးမျှော်သူများကိုလည်း မြင်တွေ့ရသည်။


လှိုဏ်ဂူအတွင်း ကျောက်အမိုးပေါက် တစ်ခုရှိပြီး ရသေ့တစ်ပါး တောင်ကိုဖောက်၍ ကောင်းကင်သို့ ဈာန်ဖြင့် ပျံတက်သွားသောကြောင့် ရသေ့ပျံတောင်ဟု ခေါ်တွင်သည့် ရသေ့ပျံဂူတွင် ဗုဒ္ဓဉာဏရသေ့မြတ် သီတင်းသုံး နေထိုင်ခဲ့သည်ဟု အဆိုရှိပြီး ဂူအတွင်း ရသေ့တရား အားထုတ်ခဲ့သော ကျောက်ဖျာ၊ တောင်ကို ထွင်းဖောက်သွားသော ကျောက်အမိုးပေါက်၊ ရသေ့ဆေး ထောင်းခဲ့သော ကျောက်ဆုံ၊ ရသေ့မှောက်သွားသော ဆေးသွေး ကျောက်ပြင်ကြီးတို့ကို လာရောက် ကြည့်ရှုလေ့လာ ကြသည့် ဘုရားဖူး ခရီးသွား ဧည့်သည်များကိုလည်း မြင်တွေ့ခဲ့ရပြီး လုမ္မနီဥယျာဉ်မှ ဗုဒ္ဓရုပ်ပွားတော် များအား လာရောက်ဖူးမျှော်သူများ၊ အမြင့်ပေ ၂၃၇၂ ပေရှိ ဇွဲကပင် ဆံတော်ရှင် စေတီသို့  ရှုမျှော်ခင်းကြည့် တက်ရောက် ဘုရားဖူးသူများလည်း ရှိပေသည်။


 ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသရှိ ကြောင့်ကမ်လဘ် စေတီတော်၊ ထွန့်ပတိုင်၊ ကော့ဂွန်းဂူ၊ ဆန္ဒန်ဂူ၊ ရသေ့ပျံဂူ၊ ဘုရင့်ညီနောင် ရတနာလိုဏ်ဂူ၊ ကော့ကသောင်ဂူ၊ ဒုံရင်းရေတံခွန် ရေလှောင်တမံနှင့် အနားယူ အပန်းဖြေရာနေရာများတွင် လည်ပတ်သူများဖြင့် ယခင်ကထက် ပိုမိုစည်ကားလျှက်ရှိပြီး သစ်မျိုးအ‌ရေအတွက် (၇၈) မျိုး၊ အပင်အရေ အတွက် (၁၅၅၇) ပင်နှင့် တည်ဆောက်ရေး လုပ်ငန်းပေါင်း (၂၈) ခုဖြင့် ပေါင်းစပ်ကာ အပန်းလည်းပြေ ဗဟုသုတလည်း ဖြန့်ဝေပေးသော မြေချိန်ဧရိယာ (၁၇) ဧကခန့် ကျယ်ဝန်းသည့် ဘားမဲတောင် သဘာဝဥယျာဉ်၊ အများပြည်သူ အနားယူ အပန်းဖြေနိုင်စေရေး၊ ရှုခင်းအလှများ ကြည့်ရှု ခံစားနိုင်စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်စေရေး ရည်ရွယ် ဆောင်ရွက်ထားသည့် ဦးပေါက်တံတားနှင့် မြေယာရှုခင်း Landscaping ကိုအခြေခံ၍ အရိပ်ရသစ်ပင် ၁၅၀ ပင်၊ ရွက်လှပန်းပင် ၆၀၀၀၀ ခန့်၊ ပန်းအလှပင် ၃၀၀၀၀ ခန့် စိုက်ပျိုးထားရှိပြီး ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင် ပုံစံငယ်တစ်ခု အပါအဝင် ကွန်ကရစ် လျှောက်လမ်း၊ ကားပါကင်၊ ကလေးကစားကွင်း၊ ကျောက်တုံး ရေတံခွန်နှင့် ရေပန်း၊ ကျောက်စီ မြေထိန်းနံရံ၊ အုတ်စီရေမြောင်းများ၊ စတိတ်စင်၊ အုပ်ချုပ်မှုရုံးများ ပါဝင်သည့် ဇွဲကပင် ပန်းခြံတို့တွင်လည်း လူအများ လာရောက် လည်ပတ်ကြသည်ကို မြင်တွေ့ရသည်။


တစ်ရက်တာ လည်ပတ် အပန်းဖြေအပြီးတွင် ဘားအံမြို့ ကမ်းနားလမ်းရှိ ညနေခင်း မုန့်ဈေးတန်းနှင့် ကန်သာယာ မုန့်ဈေးတန်းတို့တွင် မုန့်ပဲသရေစာ မျိုးစုံ၊ တောထမင်း၊ တောဟင်းနှင့် ယိုးဒယား အစားအစာများကို ဝယ်ယူ စားသုံးကြသူများ ဖြင့်လည်း စည်ကားလှ ပေသည်။


ထို့အတူ သေဋ္ဌမာန်အောင်ဘုရားကြီး ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များက ၃၂ ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်းကို စတင်ရွတ်ဖတ် ပူဇော်ကြပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချူပ်နှင့် ဇနီး၊ အစိုးရ အဖွဲ့ဝင်များနှင့် ဇနီး၊ ဌာနဆိုင်ရာများ၊ တပည့် ဒါယကာ၊ ဒါယိမများ၊ ဗုဒ္ဓဘာသာနွယ်ဝင် အများပြည်သူများက လာရောက်ဖူးမြော် ကြည်ညိုကြကာ ဘုရားဖူး လာရောက်သူများနှင့် အတူ စည်ကားလျက်ရှိသည်။


သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)သည် ဌာနဆိုင်ရာ အစိုးရရုံးများ၊ ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ ပိတ်သည့်နေ့ ဖြစ်သည်နှင့်အညီ ဘားအံမြို့သည် ပတ်ဝန်းကျင် ဒေသများနှင့် ဆက်သွယ်သွားလာရ လွယ်ကူပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ သွားလာရာလမ်း ခရီးတစ်လျှောက်တွင် ဒေသခံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မြင်တွေ့နိုင်ခြင်း၊ ရိုးသား ဖော်ရွေမှုရှိခြင်း၊ ပျူငှါယဉ်ကျေးခြင်း၊ ဒေသ၏ အဝတ်အထည်၊ အစားအသောက်များကို လွယ်လင့်တကူ ဝယ်ယူ စားသောက်နိုင်ခြင်း၊ တည်းခိုနေထိုင်ရန် နေရာထိုင်ခင်း အလုံအလောက် ရှိခြင်း၊ သမိုင်းဝင် အမွေအနှစ်များအား လွယ်လင့်တကူ လေ့လာနိုင်ခြင်း၊ အေးချမ်းသာယာခြင်း တို့ကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဘုရားဖူး ဧည့်သည်များ နေ့စဉ် ဝင်ထွက်သွားလာမှုနှင့် အတူ ကျောင်းကန် ဘုရားစေတီပုထိုးများ၌ ကောင်းမှုကုသိုလ် ပြုကြသူများမှာ ကိုဗစ်ကာလနှင့် ယခင်နှစ်များထက် တစ်မူထူးခြားစွာ စည်ကားလျက် ရှိနေသည်။


သတင်း - စောမျိုးမင်းသိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)