ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဒုတိယအကြိမ် မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ စာအောင်ဆုနှင်း သဘင်အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဒုတိယအကြိမ် မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ စာအောင်ဆုနှင်း သဘင်အခမ်းအနားသို့တက်ရောက်

 



MNP - အောက်တိုဘာ  ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဩဝါဒါစာရိယဆရာတော်၊ ဥက္ကဋ္ဌ ဆရာတော်များအား ပင့်ဆောင်ပြီးနောက် ပအိုဝ်း ဝိဿခါ ဓမ္မစင်္ကြာဝတ်အဖွဲ့မှ နတ်၊ ဗြဟ္မာများဖိတ်ကြား၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်/မြို့နယ် အဆင့်ဌာနဆိုင်များ၊ ဧည့်ပရိတ်သတ်အပေါင်းတို့မှ နာဂပုရသာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲအသင်း ဥက္ကဋ္ဌ ဆရာတော်၊ ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ) တုံခမ်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ သရဏဂုံ (၃)ပါးနှင့် ငါးပါးသီလကို ခံယူဆောက်တည်ကြသည်။ ထို့နောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲအသင်းမှ ကြီးမှူး ကျင်းပသော နာဂပုရသာသနာလင်္ကာရသာမဏေကျော်ဘွဲ့ရ အထူးအောင်သံဃာ(၇)ပါးနှင့် သီလရှင် (၂)ပါးတို့အား ပအိုဝ်းဝိဿာခါ ဓမ္မစင်္ကြာဝတ်အသင်းမှ (၈)လုံးဘွဲ့ကဗျာဖြင့် ပူဇော်ကြသည်။


ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ နာဂပုရသာသနာ လင်္ကာရသာ မဏေကျော်အသင်း ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒါကာ၊ ဒါကာမများက နာဂပုရသာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ရ အရှင်သူမြတ်များအားဘွဲ့တံဆိပ်တော်များဆက်ကပ်ကြသည်။ ယင်းနောက် နောင်တောင်းပရဟိတတပ်ဦးကျောင်း ကျောင်းအုပ်ဆရာတော်မှ ကျေးဇူးတင်စကားနှင့် တောင်းပန်စကားပြောကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ စာအောင်ဆုနှင်းသဘင်အခမ်းအနား အားရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ဟိုပုံးမြို့နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ၌ မြန်မာ နိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များလာရောက်ဖြေဆိုရာ ပထမအဆင့်တွင် (၄၇၃)ပါးဖြေဆိုရာ (၂၅၈)ပါး အောင်မြင်ခဲ့ပြီး၊ ဒုတိယအဆင့်တွင် (၃၉၈)ပါး ဖြေဆိုရာ(၁၂၆)ပါးအောင်မြင်၍ တတိယအဆင့်တွင် (၅၁၃)ပါးဖြေဆိုရာ (၁၅၇)ပါးအောင်မြင်ခဲ့ပြီး နာဂပုရသာသနာလင်္ကာရဘွဲ့(၁၅၇) ပါးရရှိခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)