ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာ စပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအတွက် ဆန်ရိက္ခာများထောက်ပံ့‌၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာ စပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအတွက် ဆန်ရိက္ခာများထောက်ပံ့‌၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတက်ရောက်



MNP - အောက်တိုဘာ  ၇

ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာစပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ သော ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)ခုမှ တောင်သူ (၁၄၉) ဦးတို့အတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အတွင်း ပြည်သူများ အခက်အခဲဒုက္ခကြီးကြီးငယ်ငယ်ကျရောက်ပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးကူညီ ထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ ကြွက်ဘေးအန္တရာယ်သည် ၁၉၇၇ ခုနှစ်တွင် တစ် ကြိမ်ကျရောက်ခဲ့ပြီး လွန်ခဲ့သည့် သြဂုတ်လအတွင်းမှာလည်း တီယန်ဇွပ်နှင့် အင်ဂျစ်ကျေးရွာတွင် ကျရောက်ခဲ့သည့်အတွက် တောင်ယာစပါးနှင့် ငရုတ်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ကြွက်ဘေး သင့်တောင်သူ (၁၀၆) ဦးအား ဆန်အိတ်(၁၀၆)အိတ် ထောက်ပံ့ကူညီပေးခဲ့သလို ယနေ့မှာလည်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာများ ဖြစ်သည့် ဘွမ်ခါး၊ ကဝါးပန်၊ ခကရန်းယန်၊ မိုင်းထောင်၊ ဆူယန်နှင့် အင်ဂေါမ ကျေးရွာတို့တွင်လည်း ကြွက်ဘေး အန္တရာယ် ကျ‌ရောက်မှုကြောင့် တောင်ယာ စပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ဆန်ရိက္ခာ ထောက်ပံ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြွက်ဘေးအန္တရာယ် ကျရောက်မှုကြောင့် အဆိုပါ ကျေးရွာအုပ်စု (၆)ခုအတွင်းရှိ မိုးရာသီစိုက်တောင်ယာစပါးနှင့် သီးနှံစိုက် ဧက စုစုပေါင်း (၃၆၀) ဧက ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသခံတောင်သူ (၁၄၉)ဦးတို့အတွက် ဆန်အိတ် (၁၄၉) အိတ်ကို ထောက်ပံ့ပေးအပ်ရာ ပူတာအိုခရိုင်ကိုယ်စားလှယ် ဌာနခွဲစာရေး  ဦးကျော်သူရက တောင်သူများကိုယ်စားလက်ခံ ရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌ရေးနှင့် အခက်အခဲများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့‌‌ထောက်ပံ့ပေးအပ်ခဲ့သည့် ဆန်ရိက္ခာများအား တောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၃/၂၀၂၂) ကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိစစ်ခွင့်ပြုဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက် များနှင့် အညီ ညှိနှိုင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း လျှောက်ထားလာသည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးရာတွင် တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု စိစစ်ဆွေးနွေးကြရန် အကြံပြု ပြောကြားသည်။ ဆက်လက်၍  ကော်မတီအတွင်းရေးမှူး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ဓာတ်သတ္တုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများကို တင်ပြရာ ကော်မတီဝင်များက စိစစ်သုံးသပ်ဆွေး‌‌နွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လျှောက်ထားလာသည့် လုပ်ငန်းများအပေါ် သက်ဆိုင်ရာ ဌာနများ၏ အတည်ပြု ထောက်ခံချက် ရှိ/မရှိအား စိစစ်သုံးသပ် အတည်ပြု ပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)