တိုင်းကျိုးပြည်ပြု ယဉ်ကျေးမှု အနုသုခုမပညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းကျိုးပြည်ပြု ယဉ်ကျေးမှု အနုသုခုမပညာ


မောင်မောင်စန်း

ယဉ်ကျေးမှု အနုသုခုပညာရှင် (ဝါ) အဆို၊ အက၊ အရေး၊ အတီး ပညာရှင်တို့သည် ကျေးဇူးရှင် မိဘပြည်သူတို့အား ချစ်ခင်ခြင်း၊ ပြုံးရွှင်ရယ်မောခြင်း၊ သနားကြင်နာခြင်း၊ ရဲရင့်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ မုန်းတီးခြင်း၊ စက်ဆုတ်ရွံရှာခြင်း၊ အံ့သြခြင်း၊ တည်ကြည်လေးနက်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်း စသည့် ရသအဖုံဖုံ ခံစားမှုအစုံစုံကို တင်ဆက်အလုပ်ကျွေးပြုလျက် ရှိကြပါသည်။ စာပေ၊ တေးဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာရှင်တို့၏ အသီးသီး အသလာ အသလာသော အနုပညာစွမ်းပကားတို့သည် ခံစားကြသည့် ပြည်သူတို့အပေါ် စည်းရုံးရေး သြဇာရော အသိပညာပေး သြဇာပါ ကြီးမားလှပါသည်။


ငြိမ်းချမ်းရေးနှင့် တေးဂီတအနုပညာ

စာရေးသူသည် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ ဦးတည်ချက် လေးရပ်၌ “ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုရေး”ဟူသော ဦးတည်ချက်ကို အထူးဂရုပြုမိပါသည်။


အနုပညာသည် အကြမ်းပညာလုံးဝမဟုတ်။ ထို့ကြောင့် သိမ်မွေ့လှသည်၊ နူးညံ့လှသည်၊ ခက်ခဲ လှသည်၊ နက်နဲလှသည်၊ စမ်းနယ်အေး၍ ပန်းလို မွှေးသည်၊ စမ်းလိုဖြူ၍ ပန်းနယ်ကြူ လှိုင်လှသည်။ ဂီတစွမ်းအား ပြည်ထွန်းကားစေရန်သာ ရည်ရွယ်ကာ တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောစေရေးကို များစွာအထောက်အကူပြုသည်။ လူသားတို့၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်ကာ နှလုံးသားက အမုန်းမပွားစေဘဲ အပြုံးအားကို ကြွယ်ဝစေသည်။ ဒေါသကို ပြေပျောက်စေသည်၊ မာန်မာနကို လျော့ကျစေသည်၊ အာဏာကို ခဝါချရန်လည်း ဖြစ်နိုင်သည်။


သာဓကအဖြစ် ပမာပြရမည်ဆိုပါလျှင် တေးပြုစာဆို ဆရာကြီး(ဦး)မြသန်းစံ ရေးစပ်ပြီး တေးသံရှင် (ဦး)ခင်မောင်ထူး၊ (ဒေါ်)ဟေမာနေဝင်းတို့ သီဆိုထား သည့် “ချစ်ခြင်းတရားနှင့် ပြည်ထောင်စု” အမည်ရှိ တေးသီးချင်းမှာ ဂန္ထဝင်စံတင်ဖွယ် ပြောင်မြောက်လှသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးသော အမျိုးသားရေးဆိုင်ရာ တိုင်းကျိုးပြည်ပြု တေးကောင်းတစ်ပုဒ်ဖြစ်သည်ကို ငြိမ်းချမ်းရေး ချစ်မြတ်နိုးကြသူတိုင်း သိရှိနားလည် နှစ်ခြိုက်စွာ ခံစားကြရပါသည်။ အလားတူစာရေးဆရာ ဒါရိုက်တာ ဂီတစာဆိုတေးသံရှင် ထပ်ဆင့် အကယ်ဒမီ(ဦး) မြတ်လေး၏ “ပန်းတိုင်းပွင့်ပါစေ” အမည်ရှိ စုပေါင်းတေးသံ သည်လည်း စုပေါင်းညီညာ အောင်ကြောင်းဖြာစေပြီး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးသော ဂန္ထဝင်တေးသီချင်းတစ်ပုဒ်အဖြစ် ဂုဏ်ယူဖွယ်ဖြစ်ပါသည်။


ထို့ပြင်စာရေးသူတို့ ငယ်စဉ်ဖဆပလခေတ်က တောတွင်းလက်နက်ကိုင်များ အမှားကိုစွန့်လွှတ်၍ အမှန်ကိုမြင်ကာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် လှုံ့ဆော်ခဲ့သည့် တေးသံရှင်(ဒေါ်)မေလှမြိုင်၏ “မောင်လေး မောင်လေးရှောင်မပြေးနဲ့” အစချီတေးသီချင်းသည်လည်း အလွန်ထိရောက် အကျိုးပြုခဲ့သည်ဟု ကြားသိခဲ့ဖူးပါသည်။ ဂီတစာဆို (ဦး) မောင်မောင်သီ၏ ပင်ချင်းယှက်၍ နွယ်ချင်းဆက်သော်အမည်ရှိ တေးသီချင်းမှာလည်း ပြည်ထောင်စုညီညွတ်ရေး ဂုဏ်ပြုတေးတစ်ပုဒ်အဖြစ် ဂန္ထဝင်မြောက်လှသည်ဟု ခံစားရပါသည်။


အနုပညာရှင်များနှင့် သမိုင်းပေးတာဝန်

ကိုလိုနီသူ့ကျွန်ခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုကာလဝယ် အနုပညာရှင်တို့သည် သမိုင်းပေး တာဝန်ကျေပွန်စွာ တိုင်းကျိုးပြည်ပြု ပြည်သူ့အကျိုးပြု အနုပညာကို ဖန်တီးခဲ့ကြသည်။ ဆရာရွှေတိုင်ညွန့်၏ မြန်မာ့လွတ်လပ်ရေးဆုံးရှုံးမှုအပေါ် ခံစားရပုံကို ဖော်ကျူးရေးစပ်ထားခဲ့သည့် “ပါတော်မူ” သီချင်း၊ ပြည်ထောင်စုကို အသက်ပေးကာကွယ်ရန် လှုံ့ဆော်ပေးထားခဲ့သည့် “ကမ္ဘာမကြေအစချီ နိုင်ငံတော်သီချင်း”၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော အကျိုးတရားကို ဖော်ဆောင် သရုပ်ဖော်ရေးစပ်ပေးခဲ့သည့် ဆရာ ရွှေတိုင်ညွန့်၏ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” အမည်ရှိ တပ်မတော်ဂုဏ်ပြုတေး သီချင်းတို့သည် မြန်မာ့အနုပညာသမိုင်းတွင် ဂန္ထဝင်စံတင် မော်ကွန်းဝင်ခဲ့ကြသည်မှာ သမိုင်းသက်သေ တည်ခဲ့ပြီးဖြစ်ပါသည်။


အမိမြန်မာပြည်၏ အတိတ်သမိုင်းကို စိတ်ပိုင်း၍ အကျဉ်းဥဒ္ဒေသအဖြစ် ပြန်လည်ကြည့်လိုက်မည်ဆိုပါလျှင် လွတ်လပ်ရေးရခါစ ၁၉၄၈-၄၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၊ အလံနီကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ)၊ ကေအင်န်ဒီအို လက်နက်ကိုင်သောင်းကျန်းသူများသည် တစ်နိုင်ငံလုံးကို ခွဲတမ်းချ သိမ်းပိုက်ခဲ့ကြရာ ရန်ကုန်မြို့ ကွက်ကွက်သာ ကျန်ရှိခဲ့တော့သည်။ ကေအင်န်ဒီအိုက ထိုစဉ်က မေမြို့(ယခု ပြင်ဦးလွင်)၊ ရန်ကုန်-မန္တလေး လမ်းတစ်လျှောက်ရှိ မြို့များနှင့် ရန်ကုန်မြို့ ရှိ အင်းစိန်အထိ သိမ်းပိုက်ထားခဲ့သည်။


ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တပ်မတော်ကရှိသမျှ စစ်သည်အင်အား၊ လက်နက်အင်အားဖြင့် ရင်မြေ ကတုတ်လုပ်၍ ထိုးစစ်ဆင် ဆင်နွှဲခဲ့ရာ လပိုင်းအတွင်းမှာပင် မြို့ရွာအားလုံးကို ပြန်လည်သိမ်းပိုက်ကာ ဖဆပလအစိုးရကို အာဏာသက် ဆက်ပေးခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ပြည်ထောင်စုကြီး ရေစုန်မျှောပြီး မတွေးဝံ့အောင် ရှိပေတော့သည်။


ထိုအင်းစိန်တိုက်ပွဲကြီးတွင် သောင်းကျန်းသူများကို တိုက်ပွဲဝင်နေခဲ့ကြသည့် မြန်မာ့တပ်မတော်သားများကို ရုပ်ရှင်အနုပညာရှင်များ ကိုယ်တိုင်ရှေ့တန်း စခန်းသို့ သွားရောက်၍ စားနပ်ရိက္ခာများ လှူဒါန်းကာ အားပေးခဲ့ကြရာ သမိုင်းပေးတာဝန် ကျေပွန်ခဲ့ကြပါသည်။ တော်လှန်ရေးကောင်စီ (တပ်မတော်အစိုးရ) လက်ထက်တွင်လည်း စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်အသီးသီး အသက အသကတို့သည် ရှေ့တန်းရောက် တပ်မတော်သားများထံ သွားရောက်၍ စိတ်ဓာတ်ခွန်အား မြင့်မားစေရန်နှင့် အပန်းပြေစေရန် ရည်သန်၍ အမျိုးသားရေး အနုပညာတာဝန် ထမ်းဆောင်ခဲ့သည်ကို ဂုဏ်ယူလေးစားစွာ တွေ့မြင်ခဲ့ကြရပါသည်။


တကယ်တော့ အမျိုးသားနိုင်ငံရေး ခရီး တစ်လျှောက်တွင် စာပေပညာရှင်၊ ရုပ်ရှင်ပညာရှင်၊ သဘင်ပညာရှင်၊ ဂီတပညာရှင် စသည့် အနုပညာရှင်တို့သည် မှန်ကန်သော အမျိုးသားရေးအသိ စိတ်ဓာတ်၊ မှန်ကန်သော ခံယူချက်၊ မှန်ကန်သော ရပ်တည်ချက်တို့ဖြင့် တိုင်းကျိုးပြည်ကျိုး ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြရန်သာ ဖြစ်ပါသည်။ တိုင်းဖျက် ပြည်ဖျက် မသမာသောနိုင်ငံရေးသမားအချို့တို့ကြောင့် တံလျှပ်ကိုရေထင် ရွှေသမင်အလိုက် မှားခဲ့ကြရသည့် အဖြစ်ဆိုးမျိုးသို့ ရောက်ရှိခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်မှား၊ ဆရာမှား အပေါင်းအသင်းမှားများကို “အသေဝနာစဗာလာနံ” ဟူသော မင်္ဂလာတရားတော်နှင့်အညီ လုံးဝရှောင်ကြဉ်နိုင်သည်သာ အကောင်းဆုံး ဖြစ်ပါသည်။


သရုပ်မှန်ရသ အနုပညာကပေးသော ဘဝအသိပညာ

ပုထုစဉ်တို့၏ ရသအနုပညာခံစားမှု နယ်ပယ်တွင် ချစ်စရာဆိုလျှင် ချစ်တတ်ကြသည်။ မုန်းစရာဆိုလျှင်လည်း မုန်းစိတ်ဝင်ကြမည်။ ပျော်စရာဆိုလျှင် ပျော်ရွှင်စိတ်ဝင်ကြမည်။ ကြောက်ရွံ့စရာဆိုလျှင် ကြောက်စိတ်ဝင်ကြမည်။ မတရားမှုတစ်ဖက်သတ် စော်ကားလာလျှင် မခံချင်စိတ်၊ ရဲစွမ်းသတ္တိစိတ်ဝင်ကြမည်။ သရုပ်မှန်ရသအနုပညာသည် ဆောင်သင့်သည်ကို ဆောင်ရန်နှင့် ရှောင်သင့်သည်ကို ရှောင်ကြဉ်ရန် ခံစားသူပရိသတ် ပြည်သူတို့အား ဘဝအသိပညာပေးပါသည်။ ဘဝသင်ခန်းစာများ ပေးပါသည်။

ထင်ရှားလှသော သာဓကကို ပမာပြရလျှင် မဟာဂီတဆရာကြီး ဦးပြုံးချို၏ “တေးဘုမ္မာ” အမည်ရှိ ဓမ္မပူဇာဂန္ထဝင်သီချင်းကို နားသောတဆင်လိုက်ရသည်နှင့် သံသရာကိုလည်စေသော ပဋိစ္စသမုပ္ပာဒ် ဟူသည့် ဘဝသံသရာစက်ဝန်းကြီးမှ လွတ်မြောက်လိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာကာ ဓမ္မရသဟူသော တရားဓမ္မအရသာကို လက်တွေ့ဒိဌဓမ္မ ခံစားကြရပြီး သံဝေဂဉာဏ်ရကာ ဝိပဿနာဘာဝနာတရား အားထုတ်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာရပါသည်။

ထို့ကြောင့် ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ လယ်တီဆရာတော်ဘုရားကြီး ဦးဉာဏဓဂသည် “တေးဘုမ္မာ” ဓမ္မပူဇာတေးကို ဖန်းတီးခဲ့သည့် မဟာဂီတဆရာကြီး ဦးပြုံးချိုအား ထိုစဉ်က ပညာ့အလင်းပြ သတင်းစာတိုက်တွင် အယ်ဒီတာ ခန့်အပ်ချီးမြှင့်ပေးရန် မိန့်ကြားကူညီ စောင့်ရှောက်တော်မူခဲ့ပါသည်။

ထိုတေးဘုမ္မာ ဓမ္မပူဇာတေးကို အခြေခံ၍ စာရေးဆရာ ဒါရိုက်တာ ဆရာဦးသုခက “ဘဝသံသရာ” အမည်ရှိ ဓမ္မပူဇာတေးကို ကိုယ်တိုင်းရေးစပ် သီဆိုထုတ်လွှင့်ခဲ့သောအခါ နားဆင်ကြရသူတိုင်း သံဝေဂဓမ္မရသကို ခံစားကြရပါသည်။ အလားတူ ဆရာကြီး ဦးသုခကပင် သံဃဂုဏ်တော်ကိုးပါးကို ပူဇော်သောအားဖြင့် မြတ်ဗုဒ္ဓ၏ ဝိနည်းဒေသနာ တော်နှင့်အညီ ရဟန်းတို့အနေဖြင့် ဆွမ်းတစ်နပ်ရအောင် ဆွမ်းခံစားရသောဘဝကို ပေါ်လွင်အောင် ဖော်ဆောင်ရိုက်ကူးခဲ့သည့် “ရဟန်းစားရသော ဆွမ်းတစ်နပ်”၊ “ရဟန်းမစားရသော ဆွမ်းတစ်နပ်” တစ်ချိန်က ချစ်သူ ယခုသူတစ်ပါး၏ ကာမပိုင်ဇနီးနှင့် ဖောက်ပြန်ခွင့်ရရှိခဲ့သော သူခိုးက ကာမေသုမိစ္ဆာ စာရကံကို စောင့်ထိန်း၍ အကြိုးခံစားခဲ့ရပုံကို ဖော်ကျူးရိုက်ကူးထားသည့် “တစ်ပါးသီလ” အမည်ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတို့မှာ လူသားတို့၏ ကိုယ်ကျင့်တရား ကောင်းမွန်ရေးအပြင် မြတ်ဗုဒ္ဓသာသနာတော်ကို တစ်ဖက်တစ်လမ်းမှ အနုပညာဖြင့် သာသနာပြုခဲ့ပုံမှာ မြန်မာ့အနုပညာသမိုင်းတွင် ဂန္ထဝင်စံတင်ရမည် ထင်ပါသည်။


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍ

ဒုတိယကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ နယ်ချဲ့တော်လှန်ရေးကာလ တစ်လျှောက်လုံးတွင်လည်း ပြည်သူ့အနုပညာရှင်တို့သည် မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်တို့ဖြင့် ပြည်သူတို့အား စည်းရုံးလှုံ့ဆော်ပေးခဲ့ကြသည်။ ရုပ်ရှင်ဇာတ်ကား အမည်များကစ၍ လူထုရန်သူ၊ ဗမာ့သွေး၊ သွေးမြေကျ၊ ရန်သူနံပါတ်တစ် ပြဇာတ်များအဖြစ် စာရေးဆရာ ဦးသိန်းဖေမြင့်၏ “စိမ်းရောင်စို၊ ရွှေမိုးငွေမိုး၊ စိုက်ပျိုးရေးအောင်သံ” ပြဇာတ်များ၊ ဒါရိုက်တာ ဦးဉာဏ၏ “လာဘ်ပေး လာဘ်ယူ၊ ဗမာသစ်၊ လူထုအာဏာ၊ ပင်လုံအောင်သံ” ပြဇာတ်များ၊ သခင်နု၏ “လူထုအောင်သံနှင့် ဝေသာလီပြဇာတ်၊ ဒဂုန်ဆရာတင်၏ တို့အိမ်ကြီး၊ လူကုံတန်၊ သားလိမ်မာ၊ သမီးလိမ်မာ၊ ငွေမိုးရွာ၊ သစ္စာ မေတ္တာ၊ မိမွေဘမွေ၊ ငယ်ကျွမ်းဆွေ၊ အောင်ချင်း မင်္ဂလာ”ပြဇာတ်များ၊ ဆရာဘိုကလေးတင့်အောင်၏ မြို့မကျောင်းပြဇာတ်၊ တို့အောင်ပွဲ၊ တောင်သူ လယ်သမား အရေးတော်ပုံ၊ အိုမိခင်ကျေးဇူးရှင်၊ မွေးမေမေ မြေပဒေသာပြဇာတ်များမှာ ပြည်သူပရိသတ်တို့ပေါ် စည်းရုံးစုစည်းနိုင်ခဲ့ကြသဖြင့် အနုပညာ တာဝန်ကျေပွန်ခဲ့ကြသည်။


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဂျပန်ခေတ်တွင် ဒါရိုက်တာဆရာခန့်၏ “ဤစစ်ကြီးမှာ” အမည်ရှိ ပြဇာတ်ကြီးမှာ မျိုးချစ်စိတ်ထက်သန်ရေးနှင့် ဖက်စစ်ဆန့်ကျင်ရေးအတွက် စည်းရုံးလှုံ့ဆော် တင်ဆက်ကပြခဲ့ရာ ဂန္ထဝင်စံတင် စင်တင်ပြဇာတ်ကြီးအဖြစ် အောင်မြင်ကျော်ကြားကာ လူထုစည်းရုံးညီညွတ်မှုများစွာ ရရှိခဲ့သည်။ ထိုပြဇာတ်တွင် သရုပ်ဆောင် အနုပညာရှင်များဖြစ်ကြသည့် (ဦး)ကျော်ဝင်း၊ (ဒေါ်)ခင်ခင်တင့်၊ (ဦး)ဖိုးပါကြီး၊ (ဦး)သုခ နှင့် ဇာတ်ပို့ဇာတ်ရန်များကို ဆရာရွှေပြည်အေး ဦးဆောင်သော တေးဂီတ တူရိယာအဖွဲ့က အနုပညာ ရသမြောက်စွာ တီးခတ်ပံ့ပိုး တင်ဆက်မှုကြောင့် ဂန္ထဝင် စံတင်ပြဇာတ်အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။


၁၉၄၂-၄၃ ခုနှစ်များတွင် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ဒါရိုက်တာ စာရေးဆရာ (ဦး)သုခက ဝိဇယပြဇာတ်ကို တင်ဆက်ခဲ့ရာ သရုပ်ဆောင် အနုပညာ ပြောင်မြောက်လွန်းခဲ့လှသဖြင့် ပရိသတ်က အသည်းစွဲဖြစ်ခဲ့ကြသည်။ ဖက်ဆစ်တို့၏ အကြမ်းဖက်ရက်စက်မှုများကို သရုပ်ဆောင် တင်ဆက်ခဲ့ရာ ထိုစဉ်က ဂျပန်ကင်ပေတိုင်တို့က ဒါရိုက်တာ ဆရာဦးသုခအား ဖမ်းဆီးစစ်ဆေးခဲ့ရာ အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ အသံလွှင့်ကျွမ်းကျင် ဂျပန်လူမျိုး “ ဝါတာနာဘေး” ဆိုသူက “ဒါရိုက်တာ စာရေးဆရာ ဦးသုခမှာ အနုပညာသမား သက်သက်သာဖြစ်ပြီး နိုင်ငံရေးသမား လုံးဝမဟုတ်ကြောင်း” သွားရောက်ဖြေရှင်း အာမခံလိုက်တော့မှသာ ပြေလည်သွားခဲ့ရသည်ဟု မှတ်သားရပါသည်။ ဂျပန်ခေတ် ဖက်ဆစ်တော်လှန်ရေး သရုပ်ဖော်ပြဇာတ်များမှ ရရှိခဲ့သောငွေကို ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ရန်ပုံငွေအတွက် လှူဒါန်းခဲ့ပြီး အနုပညာဖြင့် တိုင်းကျိုးပြည်ပြုရင်း သမိုင်းပေးတာဝန်ကို ကျေပွန်ခဲ့သည်ကို ဂုဏ်ယူဖွယ် မော်ကွန်းထိုးရ ပါသည်။


အမျိုးသားလွတ်မြောက်ရေးအတွက် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာပင် သဘင်အနုပညာရှင်တို့သည်လည်း နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ရှေ့တန်းက ပါဝင်ဦးဆောင် ဆင်နွှဲခဲ့ကြသည်ကို ဂုဏ်ယူလေးစားဖွယ် တွေ့ရပါသည်။ ဇာတ်သဘင်ပညာရှင် မင်္ဂလာ ဦးအောင်မောင်းသည် သုံးရောင်ခြယ် ဗမာ့အလံတော်နှင့် သုံးရောင်ခြယ်သီချင်းကို ဇာတ်ခုံပေါ်သို့ ပထမဆုံးတင်လာခဲ့သူဖြစ်သည်။ ၁၉၃၇ ခုနှစ် ဖျာပုံမင်းတိုင်ပင် ရွေးကောက်ပွဲကျင်းပခဲ့ချိန်တွင် ဘိုကလေးမြို့ မြစိမ်းရောင်ဘုရားကြီး ကွင်းထဲ၌ ပွဲကနေစဉ် သုံးရောင်ခြယ် အလံတော်ကို ကိုင်ဆောင်ကာ မျိုးချစ်ဂီတစာဆို ဆရာရွှေတိုင်ညွန့်၏ သုံးရောင်ခြယ်သီချင်းဖြင့် တို့ဗမာအစည်းအရုံးအတွက် လှုံ့ဆော်ပေးခဲ့ရာ ပွဲကြည့်ပရိသတ်၏ အားပေးမှုအရ ပွဲငါးချီတိုင်အောင် ဆက်လက်ကပြခဲ့ရသည်။


၁၉၃၀ ပြည့်နှစ်တွင် ရေနံမြေသပိတ်ကြီး ချီတက်လာခဲ့စဉ်ကလည်း ထိုစဉ်က ပွဲကနေသော ဇာတ်သဘင်ပညာရှင် မင်္ဂလာဦးအောင်မောင်းသည် စည်တော်ကြီးဖြင့် ကြီးကျယ်ခမ်းနားစွာ ကြိုဆို၍ သပိတ်တပ်ကြီးကို ထောက်ပံ့ကူညီခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့ ဂျော့ဘုရင်ကို ရွှေဘုန်းတော်ဘွဲ့သီချင်းဖြင့် နယ်ချဲ့အလိုတော်ရိများက ဂုဏ်ပြုနေချိန်တွင် ဇာတ်သဘင်အချို့က အင်္ဂလိပ်နယ်ချဲ့၏ ယူနီယံဂျက်အလံ ယိမ်းကပြနေချိန်တွင် ဇာတ်သဘင် ပညာရှင်ကြီး မင်္ဂလာဦးအောင်မောင်းသည် ဇာတ်ခုံပေါ်၌ သုံးရောင်ခြယ်အလံကို လွှင့်ထူလျက် ဗန္ဓုလယိမ်း၊ ဓားယိမ်းများကို ကပြပြီး နယ်ချဲ့ဆန့်ကျင်ရေးကို လှုံ့ဆော်ကာ သမိုင်းပေးတာဝန်ကျေပွန်ခဲ့ပါသည်။


ပြည်သူ့သည်းခြေကြိုက် ပြည်သူ့အကျိုးပြု ဆိုကရေးတီး အနုသုခုမပညာ

ပဒေသရာဇ်ခေတ်မှာပင် အနုပညာရှင်တို့သည် ထီးသုံး၊ နန်းသုံး၊ ကြငှန်းသုံး အဖွဲ့အနွဲ့ အစီအကုံးတို့မှ ခွဲထွက်ကာ တောင်သူလယ်သမားတို့ စိုက်ပျိုးကုန်ထုတ်အလုပ်လုပ်ပြီး မြန်မာ့မြေပဒေသာအား အလှဝေဆာစေခဲ့ပုံတို့ကို ဗုံကြီးသံတေးသီချင်းများဖြင့် ပြည်သူတို့အား အလုပ်အကျွေးပြုခဲ့ပုံများကိုလည်း ဂုဏ်ယူအားရဖွယ် လေ့လာတွေ့ရှိရပါသည်။ သာဓကအားဖြင့် စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်းများလက်ထက်တွင် သံတော်ဆင့်ရာထူးနှင့် မြို့ဝန်ရာထူးတာဝန် ထမ်းဆောင်ခဲ့သည့် ဆောမြို့စား “ဦးစီး” ဗုံကြီးသံ တေးသီချင်းများထဲမှ ကောက်နုတ်တင်ပြလိုပါသည် -


“တို့နန္ဒာလယ်တော်တိုက်မအေ့ ညည်းစိုက်တဲ့ ကောက်သွယ်ငယ် မှန်းဘယ်မျှကြီး ဟောကြည့်စမ်းမှန် တစ်နှံကို ဆယ်ပြည်ထွက်တယ် ဖြိုးအက်လို့သီး”


“တို့နန္ဒာကန်တော်လည်မှာ နိုင်းဘွယ်ရှိဘူး အကျွန်စိုက်တဲ့ပျိုးကောက်ပင် ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့ ရှာမမြင်အနှံဖူး သုံးထွာကကြူး” ဟူသော ကောက်စိုက်တေး ဗုံကြီးသံသည် ထိုခေတ်ထိုအခါ ထိုကာလကတည်းကပင် မြန်မာ့လယ်မြေ၊ ယာမြေတစ်ကြောတွင် အထွက်တိုးအမျိုးမှန် အဖိုးတန်စပါးနှံများ ပြည်လုံးလျှံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပုံကို အနုပညာမြောက်စွာ ဖော်ကျူးတင်ဆက်ခဲ့သည်မှာ ဂုဏ်ယူဖွယ် ဖြစ်ပါ သည်။


မျက်မှောက်ခေတ်တွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန်ဆန်စပါး ထုတ်လုပ်ရေးအတွက် အထွက်တိုးစပါးစိုက်ပျိုးရေးကို လှုံ့ဆော်ပေးထားသော အလင်္ကာကျော်စွာ မြန်မာဆိုင်းသုတေသနပညာရှင် ဆရာ(ဦး)စိန်ဗိုလ်တင့်၏ “ရွှေဝါထွန်း” အမည်ရှိ ရေဒီယိုတေးသီချင်းမှာ ဂန္ထဝင်မြောက်လှပါသည်။ အလားတူ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘဝအသိရှိစေရန် ရည်သန်ဖွဲ့ဆိုထားသော အလင်္ကာကျော်စွာ ဆရာ ဦးမောင်မောင်လတ် (နောင်)၏ “တိမ်တမာန်” သီချင်းမှာလည်း ဂန္ထဝင် စံတင်ရပါသည်။ ထို့အတူ မြန်မာ့ရေမြေ တောတောင်အလှ၊ မြန်မာ့ယဉ်ကျေးမှုအလှ၊ ဩကာသအလှ၊ သတ္တလောကအလှတို့ကို ပေါ်လွင်အောင် အမိမြန်မာပြည်သို့ လာရောက်ရန် ကမ်းလှမ်းဖိတ်ခေါ် ဖွဲ့ဆိုထားသော အကယ်ဒမီများရှင် ဂီတစာဆိုတေးသံရှင် ဆရာစန္ဒရား (ဦး) လှထွဋ်၏ “မြန်မာ့ စိတ်ရင်းမြန်မာ့ရှုခင်း” တေးသီချင်းမှာ အကယ်ဒမီများရှင် စာရေးဆရာ ဒါရိုက်တာ ဂီတစာဆို တေးသံရှင် ရုပ်ရှင်သရုပ်ဆောင်(ဦး)ဝင်းဦးက သီဆိုထားရာ အနုပညာမြောက်လွန်း လှပါသည်။ ထို့ပြင် နန်းတော်ရှေ့ဆရာတင်၏ ကျေးရွာဝါဒနှင့် လက်ရေတပြင်တည်းသီချင်း၊ ဆရာမြို့မငြိမ်း၏ လူချွန် လူကောင်း သီချင်းတို့မှာလည်း စုပေါင်းညီညာ အောင်ကြောင်းဖြာ၍ အမိမြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးအတွက် လှုံ့ဆော်ထားသော ဂန္ထဝင်အနုပညာ လက်ရာမှန်များပင် ဖြစ်ကြပါသည်။


ပြဇာတ်နယ်ပယ်တွင်လည်း နိုင်ငံအကျိုးပြု ပြည်သူ့အကျိုးပြု ပြဇာတ်များကို ပြည်သူတို့က အရေးထားလေးစား နှစ်သက်ခုံမင်ကြသည်။ သာဓကအားဖြင့် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ကြသော ဒါရိုက်တာဗိုလ်မှူး တင်အောင်၏ မြေပဒေသာ ပြဇာတ်များ၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင် ဝဇီရာရုပ်ရှင်ရုံ၌ တင်ဆက်ခဲ့သော ပြဇာတ်များ၊ ရွှေမန်းသဘင်က သဘင်ပညာရှင်များ ဖြစ်ကြသည့် (ဦး)ဝင်းဗိုလ်၊ (ဦး)ဆန်းဝင်း၊ (ဦး)ဝင်းမောင်၊ (ဦး) ချမ်းသာတို့၏ ဂုဏ်နှင့်စစ်သည်၊ သပြေခက်၊ ငါ့ညီငါ့မြေငါ့အမေ၊ ဂီတရူး၊ မောင်မူး၊ ရွှေကြေးစည် စသည့်ပြဇာတ်များ၊ မြို့တော်သိန်းအောင်မိသားစု သဘင်မှ တင်ဆက်ခဲ့သည့် ဤမြေမှ ဤတောင်တန်း၊ မိုးကြိုသည့်ပန်း၊ မိုးသောက်ကြယ်ဖြူ၊ မိုးလားတိမ်လားမြူလား၊ သန်းခေါင်ကို နေ့မှတ်ပါလို့၊ သဘင်သည်မဝင်ရ၊ ကောက်ပင်တရေးနိုး၊ ရိုးပြတ်ကွင်းက တောက်ခေါက်သံ၊ ပုဂံမှာမွေး ပုဂံသွေး၊ ရွှေဖိနပ်ကြီးရှပ် တိုက်စီးမယ်ဟူသော ပြဇာတ်များသည် ဂန္ထဝင် စံတင်ရမည့် ပြဇာတ်များ ဖြစ်ခဲ့ကြသည်။


အချုပ်ဆိုပါလျှင် အဆို၊ အက၊ အရေး၊ အတီး အနုပညာသည် ပြည်သူ့အသည်းနှလုံးကို ယူကျုံး ရစ်ပတ်ဆွဲဆောင်နိုင်သည့် အထက်မြက်ဆုံးသော လူထုဆက်သွယ်ရေး ကိရိယာတစ်ခုဖြစ်သည်နှင့်အညီ ပြည်သူချစ်သော အနုပညာရှင်တို့သည်လည်း တိုင်းပြည်နှင့် ကျေးဇူးရှင်မိဘပြည်သူတို့ကို ဦးထိပ်ထားကာ တိုင်းကျိုးပြည်ပြု အနုပညာဖြင့် ပြည်သူကို အလုပ်အကျွေးပြုနေကြသူများသာ ဖြစ်ကြပါသည်။


မိမိတို့၏ အနုပညာဖြင့် ရိုးသားနိုးကြားကြိုးစားကာ အသက်မွေးဝမ်းကျောင်းပြုကြရင်း ပြည်သူတို့မှာ မိမိတို့၏ ထမင်းရှင် ကျေးဇူးရှင်များဖြစ်ကြသည့်အလျောက် ပြည်သူ့အကျိုးနှင့် တိုင်းပြည်အကျိုးကို သွေဖည်ကျောခိုင်းရာရောက်သည့် အမှားမျိုးကို လုံးဝရှောင်ကြဉ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာဝပြောရေးကို အထောက်အကူပြုရေးအတွက် တာဝန်သိသိ သစ္စာရှိရှိ အလုပ်အကျွေးပြုရေး၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နှင့်အတူ အမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်စွာ ထွန်းကားနေရေးတို့ကို ရှေးရှုတင်ဆက်သွားကြပါစို့ဟု အလေးထားလေးစားစွာဖြင့် ရေးသားတင်ပြရင်း အဆို၊ အက၊ အရေး၊ အတီး အနုပညာရှင်အားလုံး လူနေမှုဘဝတစ်လျှောက်လုံး ကာသိက သုခ၊ စေတသီကသုခ နှစ်ဖြာနှစ်ဝ ပြည့်စုံပါစေကြောင်း ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။           ။


အကိုးအထောက် -


၁။        မဟာဂီတ ဦးပြုံးချို (ပညာ့အလင်းပြ ပုံနှိပ်တိုက် ၁၉၆၃ ခုနှစ်)


၂။         ဂီတမှာအသံ အလင်္ကာမှာကာရန် မြန်မာဆန်တဲ့ တေးရေးဟန် (မောင်မောင်စန်း ရန်ကုန်တက္ကသိုလ် ၁၆-၉-၁၉၇၈ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာ)


၃။        မြန်မာ့ဇာတ်သဘင် တခေတ်ပြောင်းလဲရေး (လမ်းစဉ်ပါတီဌာနချုပ် စာပေဗိမာန် ပုံနှိပ်တိုက် ၁၉၈၁ ခုနှစ်)


(ကူးယူဖော်ပြပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)