၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော် အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော် အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားကျင်းပ










MNP ၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန် နံနက် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့သည့် ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော်အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ အနန္တရာယိကမင်္ဂလာ၊ အန္တရာယ်ကင်းမင်္ဂလာကို ကျင်းပပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိစေတီတော်မြတ်အား လက်ယာရစ်လှည့် လည်ပူဇော်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့က ရတနာဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်ပေးကြကာ စေတီတော်ဂေါပက အလှည့်ကျ သဘာပတိက ရတနာဆင်ဖြူတော်လေးကို ပေါက်ပေါက်များဖြင့် ကြဲပက်ပေးသည်။


ယင်းနောက် ဂေဟပ္ပဝေသနမင်္ဂလာ၊ အဆောင်တော်တက်မင်္ဂလာကို ပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးကို ဆင်ဖြူတော်အဆောက်အဦအတွင်း မင်္ဂလာနေရာသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့က ရတနာဆင်ဖြူတော်လေးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး အာဟာရဘုဉ္ဇနမင်္ဂလာ၊ အစာအာဟာရကျွေးမွေးခြင်း မင်္ဂလာအဖြစ် ရတနာဆင်ဖြူတော်လေးကို အစာအဟာရများ ကျွေးမွေးကြသည်။


ထို့နောက် ရဝိန္ဒုဒဿနမင်္ဂလာ၊ နေလပြမင်္ဂလာကို ဆက်လက်ပြုလုပ်ရာ ရတနာဆင်ဖြူတော်လေးက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား မျက်နှာမူ၍ ဖူးမြော်ပူဇော်နိုင်စေရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များက စီစဉ်ဆောင်ရွက်ပေးကြပြီး နာမကရဏမင်္ဂလာ၊ ဘွဲ့နာမံအမည်တော်ပေးမင်္ဂလာအဖြစ် အခမ်းအနားမှူးက ရတနာဆင်ဖြူတော်လေး၏ အမည်နာမံတော်အား ကြေညာသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က ရတနာဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော်ဖြစ်သည့် “ရဋ္ဌ နန္ဒက” (ရဋ္ဌ = တိုင်းပြည်၊ နိုင်ငံ။ နန္ဒက = ချစ်ခင်မြတ်နိုးသည်) ( မြန်မာအဓိပ္ပါယ်အပြည့်အစုံမှာ - တိုင်းပြည်က ချစ်ခင်မြတ်နိုးသည့် ဆင်ဖြူရတနာ) ဟု သုံးကြိမ်ခေါ်ဆိုကြပြီး တာဝန်ရှိပုဂ္ဂိုလ်များက ရတနာဆင်ဖြူတော်လေး၏ ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်းအပ်နှင်းပေးကြသည်။


ယင်းနောက် ပဏ္ဍိကာရ ပရိသိဋ္ဌဒါန မင်္ဂလာ၊ ရတနာဆင်ဖြူတော်အား လက်ဆောင်၊ လက်ဖွဲ့ပေးအပ်ခြင်းမင်္ဂလာကိုပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ဆောင်လက်ဖွဲ့ပစ္စည်းများ ပေးအပ်ချီးမြှင့်ရာ ဆင်ထိန်းမှကိုယ်စား လက်ခံရယူသည်။


ထို့နောက် အဘိသေကဇယမင်္ဂလာ၊ ရတနာဆင်ဖြူတော်အား ဘိသိက်တော်အောင်ပွဲ မင်္ဂလာအဖြစ် အခမ်းအနားမှူးက “ရဋ္ဌ နန္ဒက” (တိုင်းပြည်ကချစ်ခင်မြတ်နိုး သည့်ဆင်ဖြူရတနာ) အမည်ရသည့် ရတနာဆင်ဖြူ တော်လေး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အနာရောဂါကင်းပါစေ၊ အသက်ရာကျော်ရှည်ပါစေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း ဘေးဘယာဝေးကွာ၍ သာယာဝပြော ဖွံ့ဖြိုးတိုးတက် အောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “ရဋ္ဌ နန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး သည့် ဆင်ဖြူရတနာ) ရတနာဆင်ဖြူတော်လေးနှင့် ရတနာဆင်ဖြူတော်ဆောင်အတွင်းရှိ ရတနာဆင်ဖြူတော်များနှင့် ရတနာဆင်ဖြူတော်အဖော်ဆင်များကို အစာအာဟာရများ ကျွေးမွေးခဲ့ကြသည်။


အဆိုပါ ရတနာဆင်ဖြူတော်လေး “ရဋ္ဌ နန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး သည့် ဆင်ဖြူရတနာ)မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ၂၃.၇.၂၀၂၂ ရက်နေ့ နံနက် မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိကြောင်း၊ ရတနာဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီ ပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ကြောင်း၊ အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၃ လ ၇ ရက်သားတွင် အရပ်အမြင့် ၂ ပေ ၁၀ လက်မ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် ၂၆၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ နေပြည်တော်သို့ အောက်တိုဘာ ၂၇ တွင်ရောက်ရှိခဲ့ပြီး ယခုအခါ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ဝတ္ထုကံမြေအတွင်းရှိ ရတနာဆင်ဖြူတော်ဆောင်တွင် ကျန်းမာပျော်ရွှင်စွာဖြင့် နေထိုင်လျက်ရှိကြောင်းနှင့် ယခုရတနာဆင်ဖြူတော် ရဋ္ဌနန္ဒကသည် ဒဿမမြောက် ဆင်ဖြူတော်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)