မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်



MNP - အောက်တိုဘာ   ၄


မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။               


အခမ်းအနားတွင် ဦးစွာမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာ သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငလျင်‌ဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ခေတ်မီအဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်နှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဟာ မီးသတ်တပ်ဖွဲ့ရဲ့ တာဝန်တစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြားသော ရုတ်တရက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်မှန်း၍ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ယခုလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ် ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ယခင်ကလို မီးဘေးလုံခြုံရေးလုပ်ငန်းများဖြစ်တဲ့ မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြိမ်းသတ်‌‌ရေးလုပ်ငန်းတွေ ဆောင်ရွက်ရုံနဲ့ မလုံလောက်တော့ဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကိုပါ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေဖို့ ခေတ်ကာလနှင့် လျော်ညီသော ရှာဖွေကယ်ဆယ်ရေး နည်းစနစ်တွေကို သင်တန်းသားများအနေနဲ့ စနစ်တကျ လေ့လာသင်ယူသွားကြရန် လိုအပ်ကြောင်း၊ သင်တန်းကာလအတွင်းမှာ သင်တန်းသားများအနေနဲ့ သင်တန်းကချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာကြဖို့နဲ့ သင်တန်းနည်းပြများကလည်း လေ့ကျင့်ချိန်များမှာ မတော်တဆ ထိခိုက်မှုတွေ မဖြစ်ပွားအောင် ဂရုစိုက်ကြပ်မတ်ကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ ခင်းကျင်း ပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်လမ်းညွှန်မှုများ မှာကြားခဲ့သည်။


အဆိုပါသင်တန်းကို အောက်တိုဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အရန်မီးသတ်တပ် ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၅၀)ဦး တို့ တက်‌ရောက်သင်ကြားသွားမည်ဖြစ်သည်။


တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နဲ့ အခြားရုတ်တရက် ဖြစ်ပွားတဲ့ ဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ်များတွင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တပ်ခွဲ(၁)ခွဲ၊ အင်အား (၁၁၆)ဦး၊ မြို့နယ်တိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို တပ်စု(၁)စု (၃၅)ဦးစီဖြင့်၊ စုစုပေါင်း အင်အား(၉၉၁)ဦး ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေဖို့ မီးသတ်တပ်ဖွဲ့ဝင် အရာရှိများကို ပြည်ပနိုင်ငံတွေမှာဖွင့်လှစ်တဲ့ ယာဉ်မတော်တဆဖြစ်ပွားမှု ကယ်ဆယ်ရေးသင်တန်း၊ မြို့ပြရှာဖွေကယ်ဆယ်ရေးသင်တန်း၊ အသက်ကယ်နည်းစနစ်သင်တန်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းများကို စေလွှတ်သင်ကြားလျက်ရှိပြီး နည်းပညာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်၊ မီးသတ်စခန်းများမှာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် ဖွဲ့စည်းထားရှိပြီးဖြစ်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လမှ စက်တင်ဘာလအတွင်း ကမ်းပါးပြိုကျမှု(၂)ကြိမ်၊ မြေပြိုကျမှု(၁)ကြိမ်၊ လေပြင်းတိုက်ခတ်မှု (၂၄) ကြိမ်၊ ရေကြီး/ရေကျော်မှု (၄)ကြိမ်၊ ယာဉ်တိုက်မှု(၁၀)ကြိမ်၊ ယာဉ်တိမ်း မှောက်မှု(၁၃)ကြိမ်၊ ရေယာဉ် နစ်မြုပ်မှု(၁)ကြိမ်၊ ရေနစ်မြုပ်မှု(၅)ကြိမ်၊ မိမိကိုယ်ကို သေကြောင်း ကြံစည်မှု(၁)ကြိမ်၊ ရေတွင်းအသက်ကယ်(၄)ကြိမ်၊ သစ်ပင်ပြိုလဲမှု(၇၃)ကြိမ်၊ မတော်တဆထိခိုက်မှု (၁၁)ကြိမ်၊ ငလျင်လှုပ်ခတ်မှု(၂)ကြိမ်၊ စုစုပေါင်း(၁၅၁)ခုမှာ သေဆုံး(၂၆)ဦးနှင့် ဒဏ်ရာရရှိသူ(၅၆)ဦးတို့အား ရှာဖွေကယ်ဆယ် ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောက်ရွက်ပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)