MNP - အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကွန်ပျူတာအခြေခံပညာသင်တန်း ၁/၂၀၂၂သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သူဇာအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာမှဒေါ်နန်းအုံမာအုံး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးလှဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ/ဆရာမများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင် က ယနေ့ခေတ်လူငယ်လူရွယ်များ အသိပညာများအပြင် အတတ်ပညာကိုပါ လက်တွေ့ကျကျအသုံးချတတ်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက် ခိုင်မာလာစေရန်နှင့် ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်းမြင့်မား တိုးတက်လာစေရန် ရည်ရွယ်ချက်များစသည်တို့ကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ကလောမြို့ပေါ်ရှိ သင်တန်းသား၊သင်တန်းသူ ၁၀ ဦးတို့ကို အောက်တိုဘာ ၁၉ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment