လယ်ယာမြေများကို ဥပဒေမဲ့၊ ခွင့်ပြုချက်မဲ့ ခြံကွက်ဖော်ရောင်းစားနေသူများကို ထိရောက်စွာ အရေးယူပေးနိုင်ပါရန်နှင့် တောင်သူများ၏ နစ်နာဆုံးရှုံးမှုအား အလေးထားဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာမြေများကို ဥပဒေမဲ့၊ ခွင့်ပြုချက်မဲ့ ခြံကွက်ဖော်ရောင်းစားနေသူများကို ထိရောက်စွာ အရေးယူပေးနိုင်ပါရန်နှင့် တောင်သူများ၏ နစ်နာဆုံးရှုံးမှုအား အလေးထားဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ






၁။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၁)၊ ကွင်းအမှတ် (၆၈၀)၊ ရေငယ်တောင်ကွင်း၊ ဧရိယာ (၄၁.၅၀)ဧကအား မြေအစားပေးခြင်း၊ နစ်နာကြေးပေးခြင်းမရှိဘဲ သိမ်းဆည်းခံခဲ့ရသဖြင့် တောင်သူများနစ်နာမှုမရှိစေရေး ကူညီဆောင်ရွက်ပေးရန် ၂၀၁၃ခုနှစ် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ဒေါ်ခင်မေမြင့်ပါ တောင်သူ(၁၀) ဦး မှ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၁) လျှောက်ထားခဲ့ပါသည်။

၂။ ယခင်အစိုးရလက်ထက် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ပြန်လည်လျှောက်ထားခဲ့ပြီး (၃၀-၅-၂၀၁၈) ရက်နေ့တွင် တတိယအကြိမ် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ လျှောက်ထားခဲ့ပါသည်။ (၂၃-၁-၂၀၁၉) ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် လယ်စီအဖွဲ့၏ ညွှန်ကြားချက်အရ ဒေါ်မိမိလေး (အာရောဂျံဆေးရုံပိုင်ရှင်) ပါ (၈၆)ဦးနှင့် ဒေါ်ခင်မေမြင့်ပါ တောင်သူ(၁၀)ဦး တို့က လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ အပြိုင် လျှောက်ထားခဲ့ရပါသည်။ (၁၀-၃-၂၀၂၀) ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုတွေ့ဆုံပွဲတွင် ထပ်မံတင်ပြလျှောက်ထားခဲ့ရပါသည်။

၃။ (၈-၉-၂၀၂၂) ရက်နေ့ မြို့နယ်၊ ခရိုင်၊ ရပ်ကျေး လယ်စီအဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ မြို့နယ်လယ်စီ အတွင်းရေးမှူးမှ ဒေါ်မိမိလေး ပါ (၈၆)ဦးကို ပုံစံ(၇) ချပေးခဲ့ကြောင်း သိရပါသည်။ ၎င်းပုံစံ(၇) ချပေးခြင်းကို မြို့နယ်လယ်စီ ဥက္ကဋ္ဌ မှ ပယ်ချခဲ့ကြောင်း သိရပါသည်။ (၈-၉-၂၀၂၂) ရက်နေ့ ကွင်းဆင်းစစ်ဆေးဆုံးဖြတ်ချက်အရ ရပ်ကျေးလယ်စီ (၆)ဦး ကော်မတီထံသို့ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးတင်ပြရန် မြို့နယ်လယ်စီအတွင်းရေးမှူးမှ ညွှန်ကြားခဲ့ကြောင်း သိရပါသည်။ မြို့နယ်လယ်စီဥက္ကဋ္ဌမှလည်း သီးခြားညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့အနေဖြင့် ခရိုင်လယ်စီဥက္ကဋ္ဌ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ပြောပြသဖြင့် သိရပါသည်။ ခရိုင်လယ်စီအတွင်းရေးမှူးမှလည်း ယခင်အစိုးရအဆက်ဆက် ဥပဒေအတိုင်း မလုပ်ခဲ့၍ ရှုပ်ထွေးမှုရှိကြောင်းနှင့် လိပ်စာသိသော အမှုပေါင်း (၁၃၉)မှု တရားစွဲဆိုထားကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အတိုင်းသာ လုပ်ဆောင်မည်ဟု ပြောပြခဲ့ပါသည်။

၄။ မြန်မာနေရှင်နယ်ပို့စ် နှင့် ဗိုလ်ချုပ်ဇော်မင်းထွန်း သီးခြားတွေ့ဆုံမေးမြန်းခန်းတွင် လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ်မှ မေးမြန်းသည့်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မူလတောင်သူများကို ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်းနှင့် အဆင့်ဆင့်ရောင်းဝယ်ထား၍ ရှုပ်ထွေးနေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ကျွန်တော်၊ ကျွန်မတို့ ကြားသိထားပြီး ဖြစ်ပါသည်။

၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် စိုက်ပျိုးမြေများကို စနစ်တကျ ထိန်းသိမ်းပြီး တောင်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မည်ဟု နားလည်ပါသည်။

၆။ သို့ပါ၍ ကျွန်တော်/ကျွန်မတို့ တောင်သူများအနေဖြင့် မူလအသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုးရေးကို ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် ကျွန်မတို့ မိဘများလက်ထက်ကတည်းက ဓားမဦးချ လုပ်ကိုင်ခဲ့သော စိုက်ပျိုးမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်တကွ အမြန်ဆုံး ပြန်လည်ချထားပေးနိုင်ပါရန်နှင့် လယ်ယာမြေများကို ဥပဒေနှင့်မညီဘဲ ခြံကွက်ဖော် အရောင်း/အဝယ်လုပ်နေသူများ၊ ထိုသို့ လုပ်ဆောင်နေသည်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခြင်းမရှိသော သက်ဆိုင်ရာ လယ်စီအဖွဲ့အား ထိရောက်စွာ စစ်ဆေးအရေးယူပေးနိုင်ပါရန် ရိုသေစွာ အသနားခံ တင်ပြအပ်ပါသည်။


ဒေါ်ခင်မေမြင့် ပါ တောင်သူ (၁၀)ဦး

ရေငယ်ကျေးရွာ၊ ရပ်ကွက်ကြီး (၁၁)၊ ပြင်ဦးလွင်မြို့နယ်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)