နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား


MNP ၊ အောက်တိုဘာ ၁၂

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ကြပြီး ရန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်စီးပွားရေး ရာဝန်ကြီးနှင့်တာဝန်ရှိသူများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာရှိ အထူးစီးပွားရေးဇုန်များသည် ရင်းနှီး မြှုပ်နှံမှု များဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ပို့ကုန်ပိုမိုတိုးမြှင့် တင်ပို့နိုင်ခြင်း၊ စီးပွားရေးကို ပိုမိုကျယ်ပြန့်လာအောင်ချိတ်ဆက်ပေးနိုင်ခြင်း၊ ကမ္ဘာ့ တန်ဖိုး ကွင်းဆက်ကို အထောက်အကူပြုစေခြင်းနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာကာ ထုတ်ကုန်အမျိုးအစားများစွာ ထုတ်လုပ်လာနိုင်ခြင်း စသည့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းလာစေရန် အတွက်ရည်ရွယ်ပြီး ထူထောင် ကြပါကြောင်း။

၂၀၁၉ ခုနှစ်စာရင်းများအရ နိုင်ငံ ၁၄၇ နိုင်ငံတွင် အထူးစီးပွားရေးဇုန် ၅၄၀၀ ခန့်ရှိပြီး၊ ဇုန်အသစ် ၅၀၀ ကျော်ကိုလည်း တည်ဆောက်အကောင်အထည်ဖော်လျက် ရှိကြကြောင်း၊ အထူးစီးပွားရေးဇုန်များသည် စက်မှုဆိုင်ရာမူဝါဒများ၏ ဖြစ်ပေါ်တိုးတက်မှု အသစ်များဖြစ်ပြီး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ကြောင်း။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အထူးစီးပွားရေးဇုန်များတွင် အခြေခံအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် လွယ်ကူချောမွေ့စေရန် ပံ့ပိုးပေးမှုကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများကို ပိုမို ခေတ်မီပြီး တီထွင်ဆန်းသစ်သော စက်မှုလုပ်ငန်းများ အဖြစ်သို့ တိုးမြင့်ဆောင်ရွက်လာကြကြောင်း၊ ထို့နောက် လုပ်ငန်းများကို ကုန်ထုတ် လုပ်ငန်းများ အပြင် ဝန်ဆောင်မှုများပါဝင်သည့် Integrated Zones အဖြစ်ပြောင်းလဲဖန်တီး လာကြသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါအခြေအနေသည် ယနေ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အားပေးမြှင့်တင်ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းများစွာ အထောက်အကူ ပြုမှာဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ် အထူးစီးပွားရေးဇုန် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် အသစ်ပြင်ဆင်ပြဌာန်းခဲ့ပြီး၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ နည်းဥပဒေ ကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ကြောင်း၊ အဆိုပါ နည်းဥပဒေအရ ဗဟိုအဖွဲ့၏အစည်းအဝေးကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရမည်ဖြစ်သဖြင့် ၂၀၂၂ ခုနှစ်အတွက် ပထမအကြိမ်အစည်း အဝေးကို ယခုကဲ့သို့ကျင်းပရခြင်းဖြစ်ကြောင်း။

ဥပဒေ၏ ပုဒ်မ ၆ တွင် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို ပြဌာန်းထားပြီး၊ အဓိကအနေဖြင့် “အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက် ရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် စီမံကိန်းနှင့်အစီအစဉ်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ကြပ်မတ် ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်မူဘောင်များသတ်မှတ်ခြင်း၊” “စီမံခန့်ခွဲမှုကော်မတီများ၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ အခါအားလျော်စွာစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပေးခြင်း” တို့ကို ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာဇုန်များဆောင်ရွက် နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆွေး နွေးကြစေလိုကြောင်း။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက် လျက် ရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန်ကို ဂျပန်နိုင်ငံနှင့်လည်းကောင်း၊ ကျောက်ဖြူအထူး စီးပွားရေး ဇုန်ကို တရုတ်နိုင်ငံနှင့်လည်းကောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိုင်း နိုင်ငံနှင့် လည်းကောင်း ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သည့်အခါ မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာအဓိကထားရမည်ဖြစ် သကဲ့သို့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုလည်း အလေးထားကြရမည်ဖြစ်ကြောင်း။

အထူးစီးပွားရေးဇုန် (၃)ခုရှိသည့်အနက် သီလဝါအထူးစီးပွားရေးဇုန်သည် လုပ်ငန်း များကို အောင်မြင်စွာဆောင်ရွက်လျက်ရှိသော ဇုန်တစ်ခုဖြစ်သည့်အတွက် စံပြဇုန်အဖြစ်ရပ် တည်နေသည့်ဇုန်လည်းဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ စနစ်တကျဆက်လက်ရင်းနှီး မြှုပ်နှံနိုင်ရန်၊ လုပ်ငန်းကုမ္ပဏီအသစ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်နှင့်လက်ရှိ ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင်ရန် သက်ဆိုင်သည့်ဝန်ကြီး ဌာနများကပူးပေါင်း ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီးပွားရေးဦးတည်ချက်(၃)ရပ် အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးသည်အရေးကြီးသည့် ဦးတည်ချက်တစ်ခုဖြစ်ကြောင်း။

ထိုရည်မှန်းချက် အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း SOP များကို လက်တွေ့ကျကျ လုပ်ကိုင်နိုင်ရန်နှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဇုန်များတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထပ်မံ ဝင်ရောက်လာရန် ဖိတ်ခေါ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း။ အထူးစီးပွားရေးဇုန်များကို ကောင်းမွန်စွာဦးဆောင်နိုင်ရန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည့်အတွက် လက်ရှိ အခြေအနေထက် ပိုမိုတိုးတက်လာစေရန် ပို့ကုန်တိုးမြှင့်နိုင်စေရေး စီးပွားရေးဇုန်များတွင် ရှိသည့် One Stop Service Center များကို စနစ်တကျဖွဲ့စည်းပြီး ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်လိုကြောင်း။

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည့် ကုမ္ပဏီများ အရှိန် အဟုန်မပျက်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြုပ်နှံမှုများပိုမိုတိုးချဲ့ဆောင်ရွက်စေရေးနှင့် ရင်းနှီး မြှုပ်နှံမှုအသစ်များ ဝင်ရောက်လာ‌ရေးအတွက် စီမံခန့်ခွဲမှု ကော်မတီမှ လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်သွားစေလိုကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက်ရေးထိုးနိုင်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် Shareholder Agreement နှင့်နိုဝင်ဘာတွင် Concession Agreement ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်၍ နိုင်ငံရေး အကဲဆတ်မှုကို သတိပြုကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများဖြင့် Win Win Situation ဖြစ်အောင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါသကဲ့သို့ ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်သည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြန်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကိုပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ (Belt & Road) စီမံကိန်းနှင့် များစွာဆက်စပ်မှုရှိနေသည့်အတွက် နှစ်နိုင်ငံအကျိုးပြုမှုများရရှိပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပါရရှိစေမည်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများကိုကျွမ်းကျင်သင်တန်းများပေးခြင်း နှင့် စပ်လျဉ်း၍ စီမံကိန်းအကောင်အထည်ဖော်သည့်အချိန်တွင် စက်ရုံများ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများ ဖြစ်ရန်လိုကြောင်း။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည် ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများမရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ယခင်ကရင်းနှီးတည်ဆောက်သူအဖြစ်ရွေးချယ်တာဝန်ပေးအပ်ခဲ့သည့် အီတာလျံ-ထိုင်း ကုမ္ပဏီကို Termination ပြုလုပ်ထားပြီးဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူ အသစ်ထပ်မံ ဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။

အထူးစီးပွားရေးဇုန်များ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အထူးစီးပွားရေးဇုန်များအောင်မြင်တိုးတက်စေရန် ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က မြန်မာအထူးစီးပွားရေးဇုန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြ ကြပြီး အတည်ပြုချက်ရယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးတင်ထွဋ်ဦး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာပွင့်ဆန်း နှင့် ဦးရွှေလေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးမြတ်ကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရခိုင်ပြည်နယ် စီးပွားရေးရာဝန်ကြီးတို့က အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင် က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၂) ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြအတည်ပြုချက်ရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)