တူညီဆန္ဒ(၅)ချက် အကောင် အထည် ဖော်ခြင်းသည် လုပ်ငန်းစဉ် ဖြစ်ရာ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့် အပြင် ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည် သွားစေနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တူညီဆန္ဒ(၅)ချက် အကောင် အထည် ဖော်ခြင်းသည် လုပ်ငန်းစဉ် ဖြစ်ရာ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့် အပြင် ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည် သွားစေနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်



MNP ၊ အောက်တိုဘာ ၂၉

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ အထူးအစည်းအဝေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက တူညီဆန္ဒ(၅)ချက်  အကောင် အထည် ဖော်ခြင်းသည် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ရာ၊ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့် အပြင်၊ ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည် သွားစေနိုင်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စား မပြုသည့် ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ အကြား အဆင့်တူတန်းတူ ကိုယ်စားပြုရေးမူနှင့်  သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်ခဲ့ခြင်းမရှိပါ။ အာဆီယံပဋိညာဉ်စာတမ်းအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ အားလုံး တန်းတူ ညီတူ ကိုယ်စားပြုရေး “မူ” နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး “မူ”တို့ကို မြန်မာနိုင်ငံအနေနှင့် ခိုင်မာစွာ လိုက်နာလျက်ရှိရာ၊ ယခုကဲ့သို့ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။


အစည်းအဝေးတွင် မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေး သဘော တူညီခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ မူ များနှင့်အညီ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ တူညီ ဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် လိုက်ပါဆောင်ရွက်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်ယူပြီးနောက်ပိုင်းတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည် ဖော် ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အာဆီယံ၏ တာဝန် သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှုရရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ပွင့်လင်းစွာ ဆွေးနွေး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိလျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံ တူညီဆန္ဒ(၅)ချက်တွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စ ပထမ အဆင့်ကို လည်း AHA စင်တာကို ပူးပေါင်းပံ့ပိုးလျက်ရှိပြီး၊ အကူအညီလိုအပ်နေသူများ ထံသို့ ခွဲခြားမှုမရှိဘဲ မျှတစွာရရှိရေးနှင့် အကူအညီပေးအပ်သည့် စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အလေးထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအဆင့် အကူအညီများ ပံ့ပိုးနိုင်ရေးအတွက် လိုအပ်ချက်များ ဆန်းစစ်မှုဆောလျင်စွာ ပြီးမြောက်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကို တည်ဆောက်ရန် အစိုးရ၏ကြိုးပမ်းနေမှုအပေါ် NUG နှင့် PDF အမည်ခံများက အဖျက် အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်၍ ဖျက်ဆီးလျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပြည်တွင်း၊ ပြည်ပမှ အနှောင့်အယှက်များ၊ ဖိအားပေးမှုများ မည်သို့ပင် ရှိနေသော်လည်း တာဝန်သိ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ တူညီဆန္ဒ(၅)ချက်  အကောင်အထည် ဖော်ခြင်းသည် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ရာ၊ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့် အပြင်၊ ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည် သွားစေနိုင်ကြောင်း ပြောဆိုထားသည်။

အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာ ကိစ္စများအားပြိုင်မှုများ အရှိန်မြှင့်တက်နေသည့် ယခုအချိန်မျိုးတွင် အာဆီယံအနေဖြင့် ခိုင်မာသော အဖွဲ့ အစည်းအဖြစ် တည်ရှိရန် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့်  အချက်အခြာကျမှုတို့ကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်ကြောင်း၊ အာဆီယံသည် စည်းမျဉ်းကို အခြေခံသည့်  အဖွဲ့အစည်း ဖြစ်သည် နှင့်အညီ အာဆီယံ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် ပြဋ္ဌာန်း ချက်များကို တိတိကျကျ လေးစားလိုက်နာရန် လိုအပ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို လေးစား၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရန် အထူးလိုအပ်ကြောင်း၊ သို့မှသာလျှင် အာဆီယံ၏စည်းလုံးညီညွတ်မှုနှင့် အချက်အချက်အခြာကျမှု တို့ကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)