MNP - အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လူကုန်ကူးမှု စိစစ်ဖေါ်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးလုပ်ငန်း တာဝန်များကို ပညာပေး သင်တန်းပို့ချပေးခြင်းဖြင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာတိုးပွားပြီး အများပြည်သူများကို ဝိုင်းဝန်း စည်းရုံးပေးခြင်းဖြင့် လူမှောင်ခိုကူးသူများ စိမ့်ဝင်ထိုးဖေါက်လာမှုအား တားဆီးနိုင်မည် ဖြစ်ကြောင်း သင်တန်းကို စိတ်ဝင်စားစွာ တက်ရောက်စေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းတွင် အမှတ်(၅) လူကုန်ကူး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှ ရဲအုပ်သန်းဌေးနှင့် ရဲတပ်ကြပ်ကြီး သက်ထွန်းတို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေး သင်တန်းသား (၅၀)ဦးတို့အား အောက်တိုဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေ့စဉ် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းဖွင့်ပွဲသို့ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်သန်းဝင်း၊ မြို့နယ် တရားသူကြီး ဦးဖြိုးစည်သူ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးထွန်းနိုင်နှင့် ရပ်မိ ရပ်ဖများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
သတင်း - သိန်းဖေ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment