တစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီ ပေးအပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်နိုင်ငံလုံး အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီ ပေးအပ်သွားမည်


 MNP ၊ အောက်တိုဘာ ၁

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘိုးဘွားများကို ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။


အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ယနေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး သက်ကြီးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် မြန်မာ တစ်နိုင်ငံလုံးအနေဖြင့် အသက်အကြီးဆုံး အဘိုး တစ်ဦးနှင့် အဘွား တစ်ဦးစီကို ငွေကျပ် ၁၀ သိန်းစီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်အတွက် ဆောင်ပုဒ်ကို “The Resilience and Contributions of Older Women” “သက်ကြီးအမျိုးသမီးများရဲ့ စွမ်းပကား ဒို့များအလေးထား”ဟု သတ်မှတ်ပေးထားပါကြောင်း၊ သက်ကြီးရွယ်အိုများ၏ အရေးကိစ္စသည် သက်ကြီးရွယ်အိုများနှင့်သာ သက်ဆိုင်သည့် ကိစ္စတစ်ခုမဟုတ်ဘဲ အသက်အရွယ် အပိုင်းအခြားအားလုံးတွင်ရှိသည့် လူအားလုံးနှင့် သက်ဆိုင်နေသည့် ကိစ္စဖြစ်ကြောင်း ပြောကြားသည်။


အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ ဒေသဆိုင်ရာ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဘိုးဘွားရိပ်သာများမှ အဘိုးအဘွားများနှင့် ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကိုပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


လက်ရှိ လူမှုအဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများသည် အကျိုးရှိနေဆဲ၊ အသုံးဝင်နေဆဲဖြစ်သည်ကို အသိအမှတ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို (၁၉၉၉) ခုနှစ်ကစတင်ပြီး ယနေ့အထိ မပျက်မကွက် ကျင်းပဂုဏ်ပြုခဲ့ကြောင်း၊ သက်ကြီးရွယ်အိုများအပေါ် လေးစားကြည်ညိုတတ်သည့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများကို မျိုးဆက်သစ်လူငယ်များ သိရှိနားလည်တတ်စေရန်နှင့် နိုင်ငံတော်က သက်ကြီးရွယ်အိုများအရေး အလေးထားဆောင်ရွက်ခြင်းကို ပြည်သူများ သတိပြုမိစေရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ယခုကဲ့သို့ ကျင်းပခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုတွင် သက်ကြီးရွယ်အိုများသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်စွမ်းရှိကြောင်းကို သိရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)