မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံ စမ်းသပ်ကာလအတွင်း တစ်ရက်လျှင် တန်ချိန် ၃၀၀ ထုတ်လုပ်ပေးနိုင် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံ စမ်းသပ်ကာလအတွင်း တစ်ရက်လျှင် တန်ချိန် ၃၀၀ ထုတ်လုပ်ပေးနိုင်

009

MNP ၊ အောက်တိုဘာ ၄

နိုင်ငံတော်အစိုးရအနေဖြင့် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ‌စေရန် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များကို အားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကူညီပေးနိုင်သည့် ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံအား ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာရှိ မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ပမှ မှာယူတင်သွင်းသည့် သံအမျိုးအစားကို လျှော့ချနိုင်ရန်အတွက် ပြည်တွင်း၌ ထုတ်လုပ်နိုင်စေရန် သံမဏိစက်ရုံလုပ်ငန်းရှင်များအနေဖြင့် ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ စက်ရုံများ အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအတွင်းရှိ ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်မှု တိုးတက်စေရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ယခုစက်ရုံနှင့် သက်ဆိုင်သည့် သင်တန်းများ အပါအဝင် အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရေးအတွက် စက်ရုံမှထွက်ရှိသော စွန့်ပစ်ရေနှင့် ပစ္စည်းများကို နည်းစနစ် မှန်ကန်စွာ စွန့်ထုတ်ရန်လိုကြောင်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်ရုံအတွင်း ကုန်ချောထုတ်လုပ်နေမှု အခြေအနေနှင့် ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး စက်ရုံ၏လည်ပတ်နေမှု၊ ကုန်ကြမ်းရရှိမှု၊ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါသံမဏိစက်ရုံကို ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင် စတင်ခဲ့ပြီး စက်ရုံအကျယ်အဝန်း ၅၂ ဒသမ ၈၆ ဧက၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၀၈ သန်းရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းအမျိုးအစား ခြောက်မျိုး ထုတ်လုပ်လျက်ရှိပြီး စမ်းသပ်ကာလအတွင်း တစ်ရက်လျှင် တန်ချိန် ၃၀၀ ထုတ်လုပ်ပေးနိုင် ကြောင်းနှင့် စက်စွမ်းအားပြည့် လည်ပတ်ပါက တစ်ရက်လျှင် တန်ချိန် ၁၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဒေသရှိ ရေတံခွန်တောင် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသို့လည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းဧရိယာ မြေဧက ၅၅၀ ပေါ်တွင် အဆင့်မြင့်အိမ်ရာများ၊ Shop Houses များ၊ အဆင့်မြင့်ဂေါက်ကွင်း၊ နိုင်ငံတကာကျောင်း၊ ဆေးရုံနှင့်ဟိုတယ်များ၊ Shopping Center များ၊ Water Park နှင့် ကလေးကစားကွင်းများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages