ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ သက္ကရာဇ် ၆၆၈ခုနှစ်တွင် တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲစည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ သက္ကရာဇ် ၆၆၈ခုနှစ်တွင် တည်ထားခဲ့သည့် ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲစည်ကားသိုက်မြိုက်စွာကျင်းပ



MNP - အောက်တိုဘာ   ၉


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စည်ပေါက်ကန်ကျေးရွာအနီးတွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင်မြစည်းခုံဘုရားပွဲကို၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့၊ ယနေ့တွင် အနီးဝန်း ကျင်ကျေးရွာများမှ မိရိုးဖလာ မိသားစုဘုရားအဖြစ် ဘုရားဆွမ်းချသူများ၊ မြို့ပေါ်မှ ဘုရားဖူးလာပြည်သူများ၊ ကျေးရွာအလိုက် တံခွန်သွင်းအဖွဲ့များ၊နယ်လှည့်ဈေးသည်များဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိကြောင်း သိရသည်။


ကျောက်ပန်းတောင်းမြို့၏ တောင်ဘက် (၃)မိုင်ခန့်အကွာတွင် တည်ရှိသော စည်ပေါက်ကန်ကျေးရွာအနီးမှသမိုင်းဝင် ဆုတောင်းပြည့် မြစည်းခုံဘုရားမှာ ပုဂံရာဇဝင်နှင့်ဆက်စပ်လျက်ရှိကြောင်းသိရပြီး၊ ဘုရားဒါယိကာ တောင်တွင်းကြီးမြို့စား သီဟပတေ့မင်းက သက္ကရာဇ် ၆၆၈ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ မြစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး၊ အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် စည်ပေါက်ကန်ရွာ၊ တောင်ခြေရွာ၊ ရွာလုရွာ၊ လယ်ယားတောင်ရွာ၊ ကန်ရဲရွာ၊ ဇလင်းတောင်ရွာ၊ ဆင်တိုင်းကန်ရွာ၊ ဆူးတပ်ရွာ၊ တခါးမရွာ၊ ရွာမရွာ၊ ကြံစို့ရွာ အစရှိသည့် ကျေးရွာ(၂၀)ကျော်မှ ကိုးကွယ်ကြပြီး၊ ယခင်ကဘုရားပွဲတော်ရက်မတိုင်မီ ခရီးအလှမ်းဝေးသည့် ကျေးရွာများက မိမိတို့အစုအဖွဲ့အလိုက် လပြည့်နေ့မတိုင်မီ၊ အဖိတ်နေ့နံနက်စောမှ ကြိုတင်ရောက်ရှိ၍ လှည်းဝိုင်းဖွဲ့စားသောက်ခြင်း၊ နေရာထိုင်ခင်းပြုပြင်ခြင်း၊ ဘုရားကြီးဝေယျာဝစ္စပြုလုပ်ကုသိုလ်ယူခြင်းများ ဆောင်ရွက်ကြကြောင်းနှင့် ဘုရားပွဲတော်နေ့ နံနက်စောစောတွင် ဆွမ်းတော်ကြီးပွဲများ၊ ကန်တော့ပွဲများကပ်လှူပူဇော်ခြင်း၊ တံခွန်သွင်းပွဲများဖြင့်များနှင့် ဘုရားပွဲလာဧည့်သည်မိတ်ဆွေများအား မိမိတို့ နေရာထိုင်ခင်းသို့ ဖိတ်ခေါ်ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။ ယခင် ကိုဗစ်ကပ်ရောဂါ မတိုင်မီကာလများက ပျော်ရွှင်ပွဲအငြိမ့်/ ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် နှစ်ည/ သုံးည ထည့်သွင်း၍ ပွဲတော်ကျင်းပခဲ့ကြသော်လည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသည့်နှစ်မှစ၍ ပွဲတော်ကျင်းပ ခြင်းမပြုနိုင်ခဲ့သည်မှာ ၃ နှစ် ခန့်ရှိခဲ့ပြီဖြစ်ရာ၊ ယခုနှစ်တွင် ဇာတ်သဘင်ပွဲများ ပါဝင်ခြင်းမရှိသော်လည်း၊ ကျေးရွာအစုအဖွဲ့အလိုက် လုံမပျိုလေးများ၏ တံခွန်သွင်းပွဲ၊ ဘုန်းကြီးကန်တော့ပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ သမိုင်းဝင် မြစည်းခုံဘုရားပွဲတွင် အညာဘုရားပွဲများ၏ ပြယုဒ်တစ်ခုအဖြစ် ထူးခြားသည်မှာ ဘုရားကန်တော့ လာရောက်ကြသည့် အနီးဝန်းကျင်ကျေးရွာများမှ တောသူ/ တောင်သားများက ယခုနှစ်မိမိတို့ ယာ/ ချောင်းများမှ ရရှိသည့် သီးနှံများဖြစ်သော နှမ်း/ မြေပဲ အစရှိသည်တို့က ဘုရားစေတီတွင် ကြဲပက်ပူဇော်၍ နောင်နှစ်များတွင် မိုးလေဝသမှန်ကန် ကောင်းမွန်ရန်၊ ယခုနှစ်ထက် သီးနှံပိုမိုထွက်ရှိရန်နှင့် သီးနှံဈေးကောင်းရရှိရန်တို့ကို ဆုတောင်းလေ့ရှိကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)