MNP - အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာအုပ်စုရှိ လှပဒါးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေသကိုယ်စားပြုဦးဝင်းစိုးမှ အဖွင့်အမှာစကားပြောကြား၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်က နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါးကို မမေ့ရန်နှင့်လုံခြုံရေး အထူးဂရုစိုက်ရန် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူတွေလိုအပ်ချက်များကို လွတ်လွတ်လပ်လပ်တင်ပြလျှင် ဖြည့်စီးပေးရန်ပြောကြားခြင်း၊ အုပ်ချုပ်ရေးစစ်ကြောင်းမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးဝင်းက လူမှုရေးဆိုင်ရာအသိပညာပေးဆွေးနွေးပြောကြားခြင်း၊ လူမှုရေးစစ်ကြောင်းမှ ဒေါက်တာစောမြထွန်းမှ ကိုဗစ်-၁၉ ရောဂါနှင့်အပြင်ထွက်တိုင်း Mask နှာခေါင်းစီးတပ်ရန်နှင့် ဆေးထိုးပြီး(၆)လပြည့်တိုင်း ပြန်လည်ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်ဂျူလှိုင်မှကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ရေးများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားများ၏သိရှိလိုသည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များမှ မိမိတို့တင်ပြသည့်အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သတင်း - ကောင်းမြတ်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment