MNP - အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မဲရုံများ လျာထားသတ်မှတ်နိုင်ရေးနှင့် လူဦးရေစာရင်းပါ အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် မဲပေးရာတွင် အိမ်ထောင်စုဇယားပုံစံ(၆၆/၆)များ ရှိရမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုဇယားရှိပြီး အသက် ၁၈ နှစ်ပြည့်၍ မှတ်ပုံတင်ရှိသူများသာ မိမိနေထိုင်ရာ ဒေသမဲစာရင်းတွင် ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက မဲရုံအရေအတွက်များ လျာထားသတ်မှတ်ထားမှုအခြေအနေများကို တင်ပြကြရာ တာဝန်ရှိသူများက ဆောင်ရွက်နေမှုလုပ်ငန်းများအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - မျိုးမြတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment