မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်သွားမည့် နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆောလျင်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်သွားမည့် နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆောလျင်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဆွေးနွေး





MNP ၊ အောက်တိုဘာ ၁၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရုရှားကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် JSC “Power Machines” ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Alexander KONYUKHOV ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာ Mr. Alexander KONYUKHOV က မိမိတို့ကုမ္ပဏီသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၌ Hydropower ၊ Atomic power နှင့် Thermal power များနှင့်ပတ်သက်၍ စက်ပစ္စည်းကိရိယာများ ထုတ်လုပ်လျက်ရှိပါကြောင်း၊ အခြား ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံသို့လည်း တင်ပို့ပေးနိုင်ခဲ့ပါကြောင်း ဆွေးနွေးသည်။


ပြည်ထောင်စုဝန်ကြီးက JSC “Power Machines" ကုမ္ပဏီသည် Power Machines များစွာထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံများအတွက်လည်း လိုအပ်သည့် စက်ပစ္စည်းများကို တင်ပို့ရောင်းချနိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် Hydromatrix နှင့်ပတ်သက်ပြီး 6 MW ခန့်နှင့် Low Head နှင့်ပတ်သက်ပြီး 66 MW ခန့် ထွက်ရှိမည့်နေရာများ အသင့်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများနှင့် ချိတ်ဆက် ဆောင်ရွက်သွားနိုင်ကြောင်းနှင့် နောင်ခရီးစဉ်များတွင် ရုရှားနိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံများ သို့လည်း သွားရောက်လေ့လာလိုပါကြောင်း ဆွေးနွေးပြောကြားသည်။


မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည် ဆိုင်ရာဖိုရမ်၏ Plenary Session တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင် မိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ တက်ရောက်သည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှားနိုင်ငံ GASPROM NEFT ကုမ္ပဏီမှ Deputy CEO For International Business ဖြစ်သူ Mr. Pavel Oderov နှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။


ထိုသို့တွေ့ဆုံရာတွင် Mr. Pavel Oderov မှ GASPROM NEFT က ကမ္ဘာအရပ်ရပ်တွင် ဆောင်ရွက်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လာရောက်ရှာဖွေတူးဖော်ရေးကိစ္စများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ရေနံလုပ်ငန်းသုံး ပစ္စည်းများအတွက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သော အခွင့်အလမ်းများကို ဖိတ်ခေါ်ဆွေးနွေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် TATNEFT ကုမ္ပဏီလက်အောက်ခံ TANECO ကုမ္ပဏီမှ Department for Oil and Gas Project Ouside Tatarstan ၏ ဌာနအကြီးအကဲ Mr. Aleksandr Fedorov နှင့်တွေ့ဆုံခဲ့ပြီး ရေနံချက်စက်ရုံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရေးကိစ္စများကို အသေးစိတ်ဆွေးနွေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦး၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးဦးလွင်ဦးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည် ဆိုင်ရာဖိုရမ်ရှိ Rosatom ကုမ္ပဏီ၏ ပြခန်းအစည်းအဝေးခန်းမတွင် Rosatom ကုမ္ပဏီ၏ Deputy Director General of State Atomic Energy Corporation ဖြစ်သူ Mr. Nikolai N. Spasskiy ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။


Rosatom ကုမ္ပဏီမှ Mr. Nikolai N. Spasskiy က ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား Russia Energy Week တွင် တွေ့ဆုံဆွေးနွေးခွင့်ရသည့်အပေါ် ဝမ်းသာပါကြောင်းနှင့် ယခင်ခရီးစဉ်အတွင်း တွေ့ဆုံမှုမှ ပူးပေါင်းဆောင်ရွက်နိုင်မှု အောင်မြင်ခြင်းအနေဖြင့် MOU ရေးထိုးနိုင်ခဲ့ပြီး အရှေ့ဖျားဖိုရမ်တွင် Road Map ကိုလည်းအတည်ပြုနိုင်ခဲ့ ပါကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ပထမဆုံးရလဒ်များ ထွက်ပေါ်လာနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း၊ နောင်လာရောက်မည့်ခရီးစဉ်တွင်လည်း စိန့်ပီတာစဘတ်မြို့တွင် ဆောင်ရွက်ထားသည့် Generation 3 Plus နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံကိုလည်း လေ့လာနိုင်ရေးနှင့် Information Center ကိုလည်း ပြသနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကိစ္စတို့ကို မြန်မာနိုင်ငံတွင် ဆောလျင်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် အခြားစက်မှု လက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)