ရွှေတိဂုံစေတီတော် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားဝါတွင်း သီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အခမ်းအနားဝါတွင်း သီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များအောင်ပွဲကျင်းပ



MNP - အောက်တိုဘာ   ၉


ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချ အခမ်းအနားကို ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။


အခမ်းအနားကို  နံနက် ၆ နာရီတွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များ၊ ဝန်ထမ်းများတို့က ရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပြီး အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ အမေးအဖြေများပြုလုပ်ခြင်း၊ မဟာပဋ္ဌာန်းဒေသနာတော်များ ရွတ်ဆိုပူဇော်ခြင်းနှင့် မေတ္တာဘာဝနာပွားများခြင်းတို့ကို ဆောင်ရွက်ကြသည်။


ဆက်လက်၍ နံနက်၉နာရီခွဲတွင် ဝါတွင်းသီလခံယူပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချအခမ်းအနားကို ကျင်းပရာအခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဘဏ္ဍတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြည်ညိုကြသည်။ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်) ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ အလှည့်ကျသဘာပတိဦးအောင်သော်က “ဇယမင်္ဂလာအနုမောဒနာ” စာတမ်းကိုဖတ်ကြား လျှောက်ထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တပဝရာဘိဝံသ ထံမှဝါတွင်းကာလတစ်လျှောက် ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေကြသည်။


ထိုနောက်အခမ်းအနား တက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား နေဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)