၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

 



MNP - အောက်တိုဘာ   ၈


“မြန်မာနိုင်ငံတွင်း မီတင်းနေထိုင်နေကြသူ အားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်း နိုင်ရန် အတွက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဟာ ဒီမျှော်မှန်းချက်ကို အခြေခံပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်"


မေး။ မင်္ဂလာပါဆရာ။ ပထမဆုံး ဆရာရဲ့ အမည်နဲ့ ရာထူးကို မိတ်ဆက်ပေးပါဦးခင်ဗျာ။


ဖြေ။   ကျွန်တော့် နာမည်ကတော့ ဦးကျော်အောင်မိုး ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူး ရာထူးတာဝန်ထမ်းဆောင်နေသူဖြစ် ပါတယ်။


မေး။ ဟုတ်ကဲ့ပါ ဆရာ။ ဦးစွာ မေးချင်တာက ဆရာတို့ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းလေးကို ပြောပြပေးပါလားခင်ဗျာ။


ဖြေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ သမိုင်းကြောင်းကို ပြောမယ်ဆိုရင် ၁၉၉၀ ခုနှစ်ကို ပြန်သွားရမယ်၊ ၁၉၉၀ ခုနှစ်မှာ အဲ့ဒီတုန်းက နိုင်ငံတော်အစိုးရက နိုင်ငံတော်ရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်းတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် “ပတ်ဝန်းကျင်ထိန်း သိမ်းရေးအမျိုးသား ကော်မရှင်” ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကအထိ မြန်မာနိုင်ငံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ မရှိခဲ့ပါဘူး။


အဲ့ဒီကော်မရှင်ရဲ့ ရုံးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရုံးကိုတော့ ၁၉၉၂ ခုနှစ် ဧပြီ လ (၁) ရက်နေ့တွင်  နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ဧပြီ လ မှာ အဲ့ဒီ ကော်မရှင်ရုံးကို နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ သစ်တောရေးရာဝန်ကြီးဌာနကို ပြောင်းရွေ့ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မေ လ (၃၁) ရက်နေ့မှာ “ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်” ကို ဖျက်သိမ်းခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနအောက် ဌာနခွဲတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါ တယ်။


၂၀၁၂ ခုနှစ် မတ် လ (၃၀) ရက်နေ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဒီ ဥပဒေအရ ဦးစီးဌာန တစ်ခုဖွဲ့စည်းဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၂ ခုနှစ် ဇန်နဝါရီ လ (၂၆) ရက်နေ့မှာ သဘောတူခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီခွင့်ပြုချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှ စတင်ပြီး နေပြည်တော်မှာရှိတဲ့ ရုံးအမှတ် (၅၃) မှာ စတင်တည်ထောင် ဖွင့်လှစ်ပြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ သမိုင်းကြောင်း ဖြစ်ပါတယ်။


မေး။ ဒါဆို ဆရာတို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဖွင့်ခဲ့တာ ဒီနှစ်ဆို (၁၀)နှစ် ပြည့်ပြီ ပေါ့နော်။ ဒီကာလအတွင်းမှာ ညွှန်ကြားရေးမှူးချုပ် ရာထူးတာဝန် ထမ်းဆောင်ခဲ့သူတွေကို ပြောပြပေးပါလားခင်ဗျာ။


ဖြေ။ ဒီကာလ အတွင်းမှာ ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူ နှစ်ဦးပဲ ရှိပါသေး တယ်။ ပထမဆုံးဌာနကို တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ်ကတော့ ဆရာ ဦးနေအေးပါ။ သူက ၂၀၁၆ ခုနှစ်မှာ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူသွားတာပါ။ နောက်တစ် ယောက်ကတော့ လက်ရှိ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေသူ ဆရာ ဦးလှမောင်သိန်း ဖြစ်ပါတယ်။ ဆရာက ယခုအချိန်မှာဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ရာထူးကို ပူးတွဲတာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။


မေး။ ဒီ (၁၀) နှစ်တာ ကာလမှာ ဆရာတို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို တိုင်းဒေသကြီး/ ပြည်နယ် အဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် ရုံးတွေ ဖွင့်လှစ်ခဲ့တယ်လို့ သိထားပါတယ်။ အဲ့ဒါကို ဘယ်လို ဖွင့်ခဲ့ကြသလဲ ဆိုတာ ပြောပြပေးပါလားခင်ဗျာ။


ဖြေ။။   ဟုတ်ပါတယ်၊ တိုင်းဒေသကြီး / ပြည်နယ် အဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် ရုံးတွေ ကို ဒီ (၁၀) နှစ်အတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် တပြိုင်နက်ထဲ ဖွင့်ခဲ့တာတော့ မဟုတ်ပါဘူး၊ ဘဏ္ဍာရေးနှစ် အသီးသီးမှာ အဆင့်လိုက်ဖွင့်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ညွှန်ကြားရေးမှူးရုံး (၅) ရုံးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ စပြီးဖွင့်လှစ်ခဲ့ပါတယ်။


  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများကို ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်မှာတော့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့မှာ ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ်ခဲ့ပါတယ်။


ခရိုင်အဆင့်ရုံးတွေကိုတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကစတင်ပြီး ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အဆင့်ရုံး တွေကိုတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာစတင်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ခရိုင်အဆင့် လက်ထောက်ညွှန်ကြားရေးမှူးရုံး (၅၄) ရုံးနဲ့ မြို့နယ်အဆင့် ဦးစီးအရာရှိရုံး (၁၄)ရုံး ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။


မေး။ စောစောက ဆရာပြောသွားတာ စစ်ကိုင်းတိုင်းဒေသကြီးမှာ ညွှန်ကြားရေးမှူးရုံးကို ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ဖွင့်လှစ်ခဲ့တယ်လို့ ပြောသွားပါတယ်၊ အဲ့ဒါ အခုအချိန်မှာ တိုင်းဒေသကြီး အတွင်းခရိုင်အဆင့် မြို့နယ်အဆင့် ရုံးတွေရော ဖွင့်ပြီးပြီလားခင်ဗျာ။


ဖြေ။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး (၁)ရုံး၊ ခရိုင်အဆင့် လက်ထောက်ညွှန်ကြားရေးမှူးရုံး (၈) ရုံးနဲ့ မြို့နယ် အဆင့် ဦးစီးအရာရှိရုံး (၂) ရုံး စုစုပေါင်း (၁၁) ရုံး ဖွင့်လှစ်ပြီးဖြစ်ပါတယ်။


ခရိုင်ရုံး အနေနဲ့ ကသာ / ကန့်ဘလူ / ကလေး / ခန္တီး / စစ်ကိုင်း / မုံရွာ / ယင်းမာပင်နဲ့ ရွှေဘို မြို့တွေမှာ ဖွင့်လှစ်ထားပြီး မြို့နယ်အဆင့် ဦးစီးအရာရှိရုံးတွေကိုတော့ ကလေးဝနဲ့ ဟုမ္မလင်း မြို့နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။ ဆက်လက်ပြီးဖွင့်ဖို့လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါ တယ်။


မေး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွေ ဖွင့်လှစ်ပြီးပြီဆိုတော့ လုပ်ငန်းဆောင်ရွက်မှုတွေ မေးပါ ရစေခင်ဗျာ။


ဖြေ။ လုပ်ငန်းဆောင်ရွက်မှုတွေမပြောခင် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒမှာပါရှိတဲ့ ရေရှည်မျှော်မှန်းချက်ကို ပြောပြပါရစေ။


မေး။ ကောင်းပါတယ်ခင်ဗျာ။


ဖြေ။ ၂၀၁၉ ခုနှစ်မှာ အသစ်ပြန်လည်ရေးဆွဲခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒမှာ ဖေါ်ပြထားတဲ့ ရေရှည်မျှော်မှန်းချက်ကတော့ “မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်နေကြ သူ အားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်” အတွက်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနဟာ ဒီမျှော်မှန်းချက်ကို အခြေခံပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုကို ဆောင်ရွက်နေတာဖြစ်ပါတယ်။


မေး။ ဆရာပြောပြတဲ့ ရေရှည်မျှော်မှန်းချက်ဟာ အလွန်ကောင်းမွန်တဲ့ မျှော်မှန်းချက် ဖြစ်ပါ တယ်။ အဲ့ဒီမျှော်မှန်းချက်တွေ ပြည့်ဝဖို့ အခုဆရာတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို နည်းနည်းလောက် ရှင်းပြပေးပါခင်ဗျာ။


ဖြေ။ ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ နိုင်ငံတော်မှာ ပြဌာန်းထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ နည်းနည်းလောက် အကျယ်ချဲ့ပြီးပြောရမယ်ဆိုရင် ဌာနအနေနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးသက်ရောက်မှု လျော့ချရေးလုပ်ငန်းတွေ၊ အိုဇုန်းလွှာ ထိခိုက်မှု လျော့ချ စေဖို့အတွက် ဆောင်ရွက်တဲ့ လုပ်ငန်းတွေ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းတွေ၊ နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာသဘောတူညီချက် ဆိုင်ရာလုပ်ငန်းတွေ၊ သဘာဝသယံဇာတများ ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်စေဖို့ ကာကွယ်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ၊ သဘာဝဂေဟစနစ် များ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဇီဝမျိုးစုံမျိုးကွဲများ အဏ္ဏဝါ ကမ်းရိုးတန်း မြစ်ချောင်း နှင့်ရေတိမ်ဒေသ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံလုပ်ငန်းတွေ၊ နိုင်ငံတော် အတွင်း ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ထိခိုက်မှု လူမှုရေးထိခိုက်မှု ဆန်းစစ်တဲ့ လုပ်ငန်းတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုမြှင့်တင်ရေးလုပ်ငန်းတွေ၊ ပတ်ဝန်းကျင်အရည်အသွေး မြှင့်တင်ရေးတို့အတွက် အချက်အလက်များ ကောက်ယူ စုစည်းခြင်း၊ သုတေသနပြုခြင်း နှင့်လေ့ကျင့်သင်ကြားမှု လုပ်ငန်းတွေ၊ ပတ်ဝန်းကျင် အရည်အသွေးကို ထိခိုက်စေနိုင်သည့် လုပ်ငန်း၊ စက်ရုံ၊  အလုပ်ရုံ များနှင့် ပတ်သက်၍ လိုအပ်သည့် ခွင့်ပြုချက် ထုတ်ပေးနိုင်ရေး စိစစ်တင်ပြခြင်းလုပ်ငန်းတွေ၊ စွမ်းအင်၊ စက်မှု၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စည်ပင်သာယာရေး စသည့် ကဏ္ဍများအလိုက် ကာဗွန်ထုတ်လုပ်မှု လျော့ချရေးဆိုင်ရာလုပ်ငန်းတွေ၊ စက်မှုဇုန်များနှင့် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ဓာတ်ငွေ့များမှ လေထုညစ်ညမ်းမှုနှင့်  ကျန်းမာရေးကို  ထိခိုက်စေ မည့်  ကိစ္စရပ်များနှင့်  ပတ်သက်၍  ကာကွယ်တားဆီးတဲ့ လုပ်ငန်းတွေ၊ ပတ်ဝန်းကျင် အရည်အသွေး စောင့်ကြည့် တိုင်းတာပြီး ထုတ်ပြန်ကြေငြာတဲ့ လုပ်ငန်းတွေကို ဆောင်ရွက် နေပါတယ်။


မေး။ ဆရာပြောတဲ့အတိုင်းဆို လုပ်ငန်းတွေက တော်တော်များတာပဲခင်ဗျာ။ ဒီလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါ ဆရာတို့ ဌာနတစ်ခုထဲကပဲ ဆောင်ရွက်တာလားခင်ဗျာ။


ဖြေ။ မဟုတ်ပါဘူး ။ ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အခြားသက်ဆိုင်ရာဌာနတွေ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုညှိနှိုင်းဆောင်ရွက်မှလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အောင်မြင်မှာဖြစ်ပါတယ်။


မေး။ လက်ရှိအချိန် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဆရာတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ကို ပြောပြလို့ရနိုင်မလားခင်ဗျာ။


ဖြေ။ ရပါတယ်ခင်ဗျာ၊ ကျွန်တော်တို့စစ်ကိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေနဲ့ အခြေခံပညာဦးစီးဌာနနဲ့ ပူးပေါင်းပြီး ကျောင်းတွေမှာ ပတ်ဝန်းကျင်အသိပညာ ဟောပြောပွဲ ဆောင်ရွက်တဲ့လုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း လုပ်ငန်း၊ ရေ/လေ အရည်အသွေးစောင့်ကြည့် တိုင်းတာခြင်းလုပ်ငန်း၊ တစ်ခါသုံး ပလတ်စတစ် လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်တဲ့လုပ်ငန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘောထားမှတ်ချက် ပြန်ကြားထားသော ဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ငန်းများ၏ IEE, EIA & EMP များကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်း၊ သယံဇာတတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင်ဆိုင်ရာ သဘောထား ပြန်ကြားခြင်းလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင် ဆိုင်ရာ သဘောထား ပြန်ကြားခြင်းလုပ်ငန်း၊ သန့်ရှင်း၍ စိမ်းလန်း သောကျောင်း (Clean & Green School Award) ရွေးချယ်ရေးလုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီးအတွင်း မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု စောင့်ကြည်မှုနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စတဲ့လုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်။


မေး။ စောစောက ဆရာပြောသွားတဲ့အထဲမှာ IEE, EIA & EMP ဆိုတာတွေပါတယ်လို့ သတိထား မိပါတယ်ခင်ဗျာ၊ အဲ့ဒါတွေက ဘာတွေလဲဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။


ဖြေ။ အဲ့ဒါတွေက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင် ထိခိုက်မှုလျော့ချနိုင်ဖို့အတွက် ဆောင်ရွက်မဲ့ အစီအစဉ်တွေကို ကျွမ်းကျင် ပညာရှင်များ ရေးဆွဲထားတဲ့ အစီရင်ခံစာတွေဖြစ်ပါတယ်။ IEE ဆိုတာက Initial Environmental Examination ဖြစ်ပါတယ်။ မြန်မာလိုပြန်ရင်တော့ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်း ဖြစ်ပါတယ်။ EIA ဆိုတာက Environmental Impact Assessment ဖြစ်ပါတယ် ။ မြန်မာလို ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလို့ ခေါ်ပါတယ်။ EMP ဆိုတာက Environmental Management Plan ဖြစ်ပါတယ်။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် လို့ခေါ်ပါတယ်။  EMP ကို လုပ်ငန်းရှင်ကိုယ်တိုင်နှင့် ကျွမ်းကျင်ပညာရှင်များက ရေးသားခွင့် ရှိပြီး IEE နဲ့ EIA တို့ကိုတော့ ဝန်ကြီးဌာနမှာ ခွင့်ပြုချက် လိုင်စင်ရယူထားတဲ့ တတိယပုဂ္ဂိုလ်အဖွဲ့အစည်း ပညာရှင်များသာ ရေးသားနိုင်ပါတယ်။ ကျွန်တော်တို့ဌာန အနေနဲ့ ဒီအစီရင်ခံစာတွေကို ရေးသားခွင့်မရှိဘဲ အစီရင်ခံစာပါ အချက်အလက်များ ပြည့်စုံလုံလောက်မှု ရှိ/မရှိ ဆန်းစစ်ခြင်းလုပ်ငန်းနဲ့  အမှန် တကယ် မြေပြင်မှာ ဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းတွေကိုသာ ဆောင်ရွက် ပါတယ်။


မေး။ ဖွံ့ဖြိုးရေးလုပ်ငန်း စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်မဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အနေနဲ့ ဆရာတို့ဌာနနဲ့ ဆက်သွယ်ပြီး လုပ်ငန်းဆောင်ရွက်ရတယ်လို့ သိရပါတယ်ခင်ဗျာ အဲ့ဒါ လေးလည်း ရှင်းပြပေးပါဦးခင်ဗျာ။


ဖြေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဌာနနဲ့ ဆက်သွယ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ သဘောထား မှတ်ချက်တောင်းခံရမှာ ဖြစ်ပါတယ်။ ဒါကို အချို့သူတွေက ထောက်ခံစာ တောင်းခံတယ်လို့ ယူဆကြတာရှိတယ်။ မဟုတ်ပါဘူး၊ သဘောထားမှတ်ချက် တောင်းခံရတာဖြစ်ပါတယ်။ ဒီလို တောင်းခံတဲ့ အခါမှာ မိမိဆောင်ရွက်မဲ့ လုပ်ငန်းအစီအစဉ်ကို ပြည့်စုံစွာဖေါ်ပြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ တောင်းခံချက်ရရှိရင် လုပ်ငန်းတည်ရှိတဲ့ နေရာကို ကွင်းဆင်း စစ်ဆေးပြီး သဘောထား မှတ်ချက် ပြန်ကြားပေးရတာဖြစ်ပါတယ်။ ပြန်ကြားချက်မှာ တင်ပြ လာတဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်ထိခိုက်မှုလျော့ချနိုင်ဖို့ ဆောင်ရွက်ရမယ့် နည်းလမ်းတွေ ရေးသားတင်ပြပြီး အတည်ပြုချက်ရယူရမယ့် အစီရင်ခံစာ အမျိုးအစားတွေကို ဖေါ်ပြပေးထားပါတယ်။ သဘောထား မှတ်ချက်တောင်းခံသူက ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။


မေး။ ကျေးဇူးပါခင်ဗျာ၊ အခုဆို ဆရာတို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အကြောင်းကို တော်တော် သိသွာပါပြီ နိဂုံးချုပ်အနေနဲ့ ဆရာ ဘာများဖြည့်စွက်ပြောချင်ဘာသေးလဲခင်ဗျာ။


ဖြေ။ နိဂုံးချုပ်ပြောချင်တာကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဖွင့်လှစ် ခဲ့တာ အခုဆိုရင် (၁၀)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ကုန်ခဲ့တဲ့ (၁၀)နှစ်တာမှာ ကျွန်တော်တို့ အနေနဲ့ ပတ်ဝန်းကျင်အသိပညာရပ်တွေ လူထုအကြားပျံ့ပွားရောက်ရှိဖို့အတွက် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်း ဖို့လိုအပ် တယ်ဆိုတဲ့ စိတ်ထား (Mindset) တွေ ရရှိနေမယ်လို့ မျှော်လင့်မိပါတယ်။ ပြည်သူများအနေနဲ့ မိမိတို့မှာ ရှိထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစိတ်ထားကို အခြေခံပြီး လာမယ့် (၁၀) နှစ်တာ ကာလမှာ မိမိနေထိုင်တဲ့ ဒေသ၊ နိုင်ငံ၊ ကမ္ဘာမြေမှာ မိမိတို့စွမ်းနိုင်သလောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ပေးဖို့ ဖိတ်ခေါ် အပ်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)