ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ




MNP - အောက်တိုဘာ  ၃၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသော သံဃာတော်အရှင်သူမြတ်(၁၀၈)ပါး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွှေဆံတော်ဂေါပကအဖွဲ့ဝင်များနှင့်  တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာ စေတနာရှင်၊ အလှူရှင်များတက်ရောက်ကြည်ညို‌ လောင်းလှူပူဇော်ကြသည်။


ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်(၁၀၈)ပါးတို့အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး နံနက် ၆ နာရီခွဲတွင် စေတီတော်အရှေ့ဘက်အာရုံခံတန်ဆောင်း၌ သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား အနေကဇာတင်တော်မူကြပြီး ရင်ပြင်‌တော်မင်္ဂလာမဏ္ဍပ်၌ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒေသကွပ်ကဲရေးမှူး(ပြည်)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်တစ်ဦးတို့က မင်္ဂလာအချိန် နံနက် ၇ နာရီ၌ ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆက်လက်ကျင်းပရာ မြတ်စွာဘုရားအမှူးပြုသော ဆရာတော်အရှင်သူမြတ်(၁၀၉)ပါးတို့ထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ၊ စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြသည်။


ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် ယခုနိုဝင်ဘာ ၃ ရက်၊ ညနေ ၄ နာရီခွဲတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲနှင့် နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို စေတီတော်မြတ်ကြီးအား


လက်ျာရစ်သုံးကြိမ်လှည့်လည်အပူဇော်ခံပွဲတို့ကျင်းပမည်ဖြစ်ကာ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်၊ နိုဝင်ဘာ ၉ရက် ည ၇ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်သိမ်းဆည်းခြင်း အောင်ပွဲအခမ်းအနားတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)