မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စပါးပေါ်ချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စပါးပေါ်ချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်



MNP - အောက်တိုဘာ  ၂၉


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စပါးပေါ်ချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။


မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာ၌ မိုးကောင်းသောက်၊ မြေအောက်ရေ၊ ဆည်ရေသောက်၊ လျှပ်စစ်မြစ်ရေတင် စသည့် စိုက်ပျိုးရေရရှိရေးနည်းလမ်းများဖြင့် ဒေသခံတောင်သူ အများစုက မနောသုခနှင့် ဧရာမင်း စပါးမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ဧရာပဒေသာ၊ ဆင်းသုခနှင့် ရတနာတိုးစပါး မျိုးများကိုလည်းစိုက်ပျိုးကြောင်း၊ ထို့အပြင် အရည်သွေးကောင်း ပေါ်ဆန်းရင် (ပေါ်ဆန်းမွှေး)နှင့် ရက်တစ်ရာ(သက်တမ်းရင်) စပါးမျိုးများကိုလည်း အစားထိုး စိုက်ပျိုးလာကြောင်း သိရသည်။


“မိုးစပါးကို ဆည်ရေသောက်စနစ်နဲ့ တောင်မန်းကွင်းနဲ့ ကုန်းသာကွင်းမှာ ဧရာပဒေသာစပါးမျိုး ၄ ဧကကျော် စိုက်ပျိုးထားပါတယ်။ ဆည်ရေက မြောင်းမကြီးအလိုက် လက်တံမြောင်းတွေကနေ ရေအလှည့်ကျစနစ်နဲ့ရယူပြီး စိုက်ပျိုးထားတာပါ။ စတင် ပျိုးထောင်စိုက်ပျိုးပြီးချိန်ကနေ လယ်ပေါင်းကောက် ဆေးဖျန်းပြီးလို့ အခုဆိုရင် စပါးနှံတွေ စတင်ထွက်ရှိနေပါပြီ။ ဒီနှစ်လယ်က လူတိုင်းကောင်းတယ်လို့ ဆိုရမယ်။ ဒီအတိုင်းဆိုရင် တစ်ဧကကို တင်း(၈၀)ခန့် ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားတယ်။ အရင်နှစ်က မိုးစပါးပေါ်ချိန် စပါးတစ်တင်းကို ငွေကျပ် (၁၀၀၀၀)ဝန်းကျင်နဲ့ ရောင်းချရပြီး ဒီနှစ်မှာစပါးကောင်းတော့ မိုးစပါးပေါ်ချိန် ဈေးကောင်းရဖို့ မျှော်လင့်နေပါတယ်”ဟု ကုန်းသာကျေးရွာမှ စပါးစိုက်တောင်သူ ကိုမင်းမင်းက ပြောသည်။


မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်တွင် မိုးစပါးကို ဧကပေါင်း ၄၀၄၃၈ ဧက လျာထားစိုက်ပျိုး ခဲ့ရာ ယနေ့အထိ ၄၀၇၄၅ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ၃၀၇ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အလားတူ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း RS to CS မျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းအဖြစ် ဧက ၇၀၀ ကျော်ကိုလည်း ထည့်သွင်းစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)