မြန်မာ့ထုတ်ကုန်များ မျက်နှာပန်းလှခဲ့သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့ထုတ်ကုန်များ မျက်နှာပန်းလှခဲ့သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ






မြင့်ဝေလှိုင်

မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်သည်သာမက လယ်ယာစိုက်ပျိုးသီးနှံ အလွန်ဖြစ်ထွန်းတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီကရတဲ့ထုတ်ကုန်တွေကို ကုန်ကြမ်းရောကုန်ချောပါ ပြည်ပသို့တင်ပို့နိုင်တာနဲ့အမျှ တိုင်းပြည်အတွက် လွန်စွာအကျိုး ဖြစ်ထွန်းနိုင်တယ်ဆိုတာ စီးပွားရေးပညာရှင်တွေအပါအဝင် ပြည်သူအများက လက်ခံထားပြီး ဖြစ်ပါတယ်။


ဒီလိုတင်ပို့ရောင်းချနိုင်ဖို့ဆိုတာ ထုတ်ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းဖို့ လိုအပ်သလို နိုင်ငံတကာအတွင်း စျေးကွက်ကိုချဲ့ထွင်နိုင်ဖို့လည်း လိုအပ်ပါတယ်။


ဒီနှစ်ချက်ကို အဓိကရည်မှန်းချက်ထားပြီး နိုင်ငံတကာကနိုင်ငံအချို့မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲတွေမှာ မြန်မာ့ထုတ်ကုန်တွေကို ပါဝင်ပြသခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပြည်မှာကျင်းပတဲ့ ကုန်စည်ပြပွဲတွေမှာ နှစ်စဉ်လိုလို ပါဝင်ပြသခဲ့ရာမှာ ထိရောက်အောင်မြင်မှုရှိတယ်လို့ သိရပါတယ်။ ယခုနှစ်မှာလည်း တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသ နန်နင်းမြို့မှာ စက်တင်ဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပတဲ့ (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှာ မြန်မာထုတ်ကုန်တွေကို ပါဝင်ပြသခဲ့ပါတယ်။


မြန်မာ့သယံဇာတ ကျောက်စိမ်းနဲ့ လယ်ယာထွက်ကုန် ဆန်နဲ့ ဆန်ကွဲ


မြန်မာနိုင်ငံအနေနဲ့ အဆိုပါကုန်စည်ပြပွဲမှာ ယမန်နှစ်က ပြခန်းပေါင်း ၂၀ ပြသခဲ့ပေမယ့် ယခု နှစ်မှာ ပြခန်း ၁၀ ခန်း ထပ်တိုးပြီး စုစုပေါင်းပြခန်း ပေါင်း ၃၀ ပါဝင်ပြသခဲ့တယ်လို့ သိရပါတယ်။ အဲဒီပြခန်းတွေမှာ အဓိကထားပြသခဲ့တာကတော့ မြန်မာ့ဆန်နဲ့ ဆန်ကွဲ၊ မြန်မာ့အစားအစာ၊ ကော်ဖီ၊ လက်ဖက်၊ လက်မှုပစ္စည်း၊ အိမ်ထောင်ပရိဘောဂပစ္စည်း၊ ကျောက်စိမ်းအပါအဝင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းတွေကို ပြသရောင်းချ ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ အထူးမျက်နှာ ပန်းလှခဲ့တာကတော့ မြန်မာ့သယံဇာတ ကျောက်စိမ်းနဲ့ လယ်ယာထွက်ကုန် ဆန်နဲ့ ဆန်ကွဲတို့ပဲ​ ဖြစ်ပါတယ်။


မြန်မာ့ကျောက်စိမ်းဟာ ကမ္ဘာမှာထင်ရှားပြီး တရုတ်ပြည်သူတွေအကြားမှာတော့ အထူးပင် ရေပန်းစားမျက်နှာပန်းလှတဲ့ ကျောက်မျက်ရတနာတစ်မျိုးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် ကျောက်မျက်ရတနာပြပွဲပြုလုပ်ပြီး ပြသရောင်းချရာမှာ တရုတ်နိုင်ငံသားတွေ အများဆုံး လာရောက်လေလံဆွဲပြီး စျေးကောင်းပေးဝယ်ယူခဲ့ကြပါတယ်။ ကျောက်စိမ်းဟာ တရုတ်လူမျိုးတွေရဲ့ အမြတ်တနိုးတန်ဖိုးထားတဲ့ ရတနာတစ်ပါး ဖြစ်တာကြောင့်ပါပဲ။ မြန်မာ့ကျောက်စိမ်းတွေကို မြန်မာနိုင်ငံမှာသာမက တရုတ်နိုင်ငံမှာပါ သီးခြားပြသ ရောင်းချနိုင်မယ်ဆိုရင် ပိုလို့အကျိုး ဖြစ်ထွန်းမယ်လို့ မျှော်လင့်ပါတယ်။


နောက်မျက်နှာပန်းလှခဲ့တဲ့ မြန်မာ့ထုတ်ကုန်ပစ္စည်းကတော့ ဆန်နဲ့ဆန်ကွဲပဲ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ မြန်မာ့ဆန်ဟာ ပြပွဲလာသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အထူးအာရုံစိုက်မှုကို ခံခဲ့ရပြီး ဆန်ကွဲကတော့ ဒေသထွက်အစားအသောက်တွေရဲ့ ကုန်ကြမ်းအဖြစ် အထူးစိတ်ဝင်စားခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာ့ဆန်ကွဲဟာ တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ကွေကျိုးစတဲ့ဒေသတွေမှာရှိတဲ့ အစားအသောက် အချောကိုင်စက်ရုံတွေက ထုတ်လုပ်တဲ့ ဆန်ခေါက်ဆွဲ၊ ခရုမှုန့်ခေါက်ဆွဲ စတဲ့ အစားအသောက်တွေရဲ့ အဓိကအရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။


မိတ်ဖက်ဆက်ဆံရေးဟာ နှစ်ပေါင်း ၃၀


တကယ်တော့ တရုတ်နဲ့ အာဆီယံနိုင်ငံတွေရဲ့ မိတ်ဖက်ဆက်ဆံရေးဟာ နှစ်ပေါင်း ၃၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နဲ့အာဆီယံအကြား ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို ကဏ္ဍအသီးသီးမှာ ဖော်ဆောင်ခဲ့ရာမှာ စီးပွားရေးကဏ္ဍကလည်း အရေးပါလျက်ရှိပါတယ်။ ဒါကြောင့် တရုတ်နဲ့အာဆီယံအကြား ကုန်သွယ်မှုမြှင့်တင်တာတွေကို နယ်စပ်ကုန်သွယ်ရေး ဇုန်တွေကတစ်ဆင့် ပြုလုပ်ခြင်း၊ ပင်လယ်ဆိပ်ကမ်း Free Trade Zone တွေက တစ်ဆင့်ပြုလုပ်ခြင်း၊ ကုန်စည်ပြပွဲတွေက တစ်ဆင့်ပြုလုပ်ခြင်း စတဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ဖော်ဆောင်ခဲ့ရာမှာ ယနေ့အခါမှာ တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေရဲ့ အဓိကနဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်နေပြီလို့ သိရပါတယ်။


ဒါ့အပြင် ယခုနှစ်ဟာ တရုတ်နဲ့ အာဆီယံအကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)ကို အကောင်အထည်ဖော်တဲ့နှစ် ဖြစ်တာနဲ့အညီ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုဧရိယာရဲ့ ဗားရှင်း (3.0)တည်ဆောက်မှုလည်း စတင်သွားမယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နဲ့ အာဆီယံဟာ “အပြန်အလှန် အကျိုးပြုအားဖြည့်ခြင်း”ဖြင့် ပွင့်လင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး “ပိုမိုနီးကပ်တဲ့ တရုတ်-အာဆီယံ အသိုက်အဝန်း”ကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။


ဘက်ပေါင်းစုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး စတင်တဲ့နှစ်


RCEP ကို ယခုနှစ်မှာ စတင်အကောင်အထည် ဖော်ခဲ့​ပြီးတဲ့နောက်​မြန်မာနိုင်ငံဟာ ယခုနှစ် မေလ ၁ ရက်နေ့မှာပဲ RCEP ရဲ့ အကျိုးသက်ရောက်မှုရရှိ ခဲ့ပါတယ်။ အဲဒီလို အကျိုးသက်ရောက်မှုရှိခဲ့ပြီးတဲ့နောက်မှာပဲ မြန်မာနဲ့တရုတ် နှစ်နိုင်ငံတွေရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ RCEP ရဲ့ နောက်ဆက်တွဲအဖြစ် စီးပွားရေးအကျိုးအမြတ်တွေ ရရှိခံစားခဲ့ရတယ်လို့ သိရပါတယ်။ ဒီနှစ်ကျင်းပတဲ့ တရုတ်-အာဆီယံကုန်စည်ပြပွဲမှာလည်း RCEP နိုင်ငံများ ပြခန်းဇုန်ကို ဖွင့်လှစ်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေကို အဲဒီပြခန်းဇုန်မှာ ပါဝင်ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ်ဟာ တရုတ်-အာဆီယံ ဘက်ပေါင်းစုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး စတင်တဲ့နှစ်ဖြစ်ပြီး RCEP စတင် အကောင်အထည်ဖော်တာနဲ့လည်း တစ်သားတည်း ကျတာမို့ အနာဂတ်ကာလမှာ နှစ်ဖက်နိုင်ငံတွေရဲ့ စျေးကွက်ဖော်ဆောင်မှု အားကောင်းလာမယ့်အပြင် ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာအထောက်အကူ ပြုလာလိမ့်မယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။ အလားတူ လက်ရှိမှာ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ မကြုံစဖူး သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ရရှိနေတာမို့ နှစ်ဖက်အပြန်အလှန်အကျိုးရှိမှု၊ အပြန်အလှန်ယုံကြည်မှုတွေကို အခြေခံလို့ ဘုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ဘုံမျှော်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်သူလူထုတွေရဲ့ ဘုံအကျိုးစီးပွားတို့ကိုဦးတည်တဲ့ အယူအဆတွေကို လိုက်နာခြင်းဖြင့် တရုတ်နဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုဟာ အနာဂတ်မှာ အောင်မြင်ခြင်းတွေနဲ့အတူ တောက်ပလာလိမ့်မယ်လို့လည်း မျှော်လင့်နေကြတယ်လို့ သိရပါတယ်။


ပြောရရင် ဒီနှစ်မှစတင်ခဲ့တဲ့ RCEP ရဲ့ရလဒ် ကိုလေ့လာကြည့်တဲ့အခါ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း နှစ်ဖက်အကြား ကုန်သွယ်မှု ပမာဏဟာ တရုတ်ယွမ် ၄ ဒသမ ၀၉ ထရီလီယံအထိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ယမန်နှစ် သာမန်နှစ်ဘက် ကုန်သွယ်မှုပမာဏထက် ပို့ကုန်မှာ ၁၄ ရာခိုင်နှုန်းနဲ့ သွင်းကုန်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်လာတာလို့ သိရပါတယ်။


အခုနှစ် ပထမခုနစ်လမှာ ကွမ်ရှီးကျွမ့်နဲ့ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားအကြား ပို့ကုန် ပမာဏ ၃၇၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ သွင်းကုန်ပမာဏ ၁၆၈ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။


စီမံကိန်းပေါင်း ၂၆၇ ခု လက်မှတ်ရေးထိုး


အခုနှစ်ကျင်းပတဲ့ (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို “တရုတ်-အာဆီယံ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းမှု(RCEP) အခွင့်အလမ်းသစ်တွေမျှဝေ၊ တရုတ်-အာဆီယံ လွတ်လပ်ကုန်သွယ်ဗားရှင်း (3.0)တည်ဆောက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး ဒီပြပွဲ လေးရက်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၀၂ ဘီလီယံနဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေ ၄၁၃ ဘီလီယံတန်ဖိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၆၇ ခု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ အဆိုပါကုန်စည်ပြပွဲမှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကိုပါ ပူးတွဲကျင်းပခဲ့ပြီး အဲဒီပွဲတော်မှာ နိုင်ငံအလိုက် ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။


ပြပွဲမှာကုမ္ပဏီပေါင်း ၁၆၅၃ ပါဝင်


အဆိုပါကုန်စည်ပြပွဲနဲ့ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကျင်းပရာ ပြပွဲစုစုပေါင်းဧရိယာဟာ ၁၀၂၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး စုစုပေါင်း ခင်းကျင်းတဲ့ အခန်းအရေအတွက်မှာ ၅၄၀၀ ခန့် ရှိပါတယ်။ ပြပွဲမှာကုမ္ပဏီပေါင်း ၁၆၅၃ ပါဝင်ခဲ့ပြီး Cloud CAEXPO မှာ ကုမ္ပဏီပေါင်း ၂၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။


တရုတ်-အာဆီယံ ကုန်စည်ပြပွဲဟာ နှစ်ဖက်နိုင်ငံတွေရဲ့ ထုတ်ကုန်တွေကို ဖော်ထုတ်ပြသနိုင်တဲ့ စျေးကွက်ကြီးတစ်ခုဖြစ်ရုံသာမက နောင်မှာ တရုတ်-အာဆီယံ နိုင်ငံတွေအကြား စီးပွားရေးမိတ်ဖက်တွေအဖြစ် ပိုမိုဖွံ့ဖြိုးလာကာ နိုင်ငံတွေအချင်းချင်း ထုတ်ကုန်တွေ အပြန်အလှန် ရောင်းဝယ်ဖလှယ်တဲ့အဆင့်ကနေ ကမ္ဘာ့စျေးကွက်တွေအထိ တိုင်းဒေသတွင်း ထုတ်ကုန်တွေ ပိုမိုထိုးဖောက် ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။           ။


ကိုးကားမှတ်တမ်း။


- China Media Group မှသတင်းအချက်အလက်များ

-၁၇- ၉ -၂၀၂၂ နေ့ထုတ် ကြေးမုံသတင်းစာ


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)