MNP - အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တာကောက်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းက ဌာန၏လုပ်ငန်းများအား ဦးစွာမိတ်ဆက်ပြောကြားပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင် ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်တော်သည့် အစားအစာများ၊ စတင်ထုတ်လုပ်သည့်ရက်စွဲနှင့်ကုန်ဆုံးမည့်ရက်စွဲမပါရှိသည့် မုန့်ထုတ်များ၊ သတ်မှတ်ရက်လွန်အစားအစာများနှင့် စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သိရှိရမည့်အခွင့်အရေးများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment