တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါလိမ့်မယ် ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါလိမ့်မယ် ဟု နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား



MNP ၊ အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း(၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ရာတွင် တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါလိမ့်မယ် ဟု ထည့်သွင်းပြောကြားသွားသည်။


ဝန်ကြီးချုပ် မိန့်ခွန်းတွင် "ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကို ထောက်ခံတဲ့ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ကျွန်တော့်အနေနဲ့ EAO ခေါင်းဆောင်များကို ဆွေးနွေးရှင်းပြပြီး ဖြစ်ပါတယ်။ အခု တိုင်းရင်းသားများရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင် ဖို့က နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လူမျိုးစုအလိုက်လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားများရဲ့ တောင်းဆိုချက်၊ လိုလားချက်တွေထဲက ဖြစ်နိုင်တာ၊ ဖြစ်သင့်တာတွေကို အကောင်အထည်ဖော်နိုင်ဖို့ အချို့သောဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်သင့်တာပြင်ရပါလိမ့်မယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီးရှိတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုအများဆုံးဖြစ်တဲ့ အမျိုးသားလွှတ်တော်က အဆိုပြုလိုက်တဲ့ အဆိုပြုချက်တွေ၊ ဥပဒေမူကြမ်းတွေဟာ ပြည်သူ့လွှတ်တော်နဲ့ သဘောထားကွဲလွဲမှုရှိလို့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင်လူများစုဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဘက်ကပဲ လွှမ်းမိုးသွားတာများပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်ဆိုရင် ဒီလိုကိစ္စမျိုးမှာ တိုင်းရင်းသားတွေအရေးကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။" ဟု ပြောကြားသွားသည်။


ဆက်လက်၍ "ဥပဒေပြုရေးမဏ္ဍိုင်အတွင်းမှာကိုပဲ ထိန်းညှိမျှတမှု (Check and Balance)ရှိစေရေးနဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကို အလေးထားသောအားဖြင့် သီးခြားဥပဒေပြုခွင့်တွေကို လွှတ်တော်အလိုက်ပေးထားပြီး လုပ်ဆောင်နိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ ဘာဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်။ အမျိုးသားလွှတ်တော်ကတော့ မည်သည့်ဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်။ ပြည်ထောင်စုလွှတ်တော်ကတော့ ဘာဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ် စသဖြင့် ပြဋ္ဌာန်းပေးရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါလိမ့်မယ်။ ဒါမှသာ တိုင်းရင်းသားအားလုံး ဒီမိုကရေစီရဲ့အနှစ်သာရ၊ ပြည်ထောင်စုစနစ်ရဲ့ ကောင်းမွန်အဓိပ္ပာယ်ပြည့်ဝမှုတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။" ဟု ပြောကြားသွားခြင်းဖြစ်သည်။


နိုင်ငံတော်ဝန်ကြီးချုပ် ၏ မိန့်ခွန်းတွင် -

- ဖြတ်သန်းလာခဲ့ရတဲ့ကာလတစ်လျှောက် အတွေ့အကြုံတွေအရ တည်ငြိမ်အေးချမ်းမှုရှိခြင်းနဲ့ တည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ရဲ့ အကျိုးအပြစ်တွေကို သုံးသပ်ဆင်ခြင်ပြီး NCA စာချုပ်ရဲ့ တန်ဖိုးအနှစ်သာရ ပိုမိုပီပြင်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြပါ။


- ဒို့တာဝန်အရေးသုံးပါးမူဝါဒကို လေးစားတန်ဖိုးထားပြီး ပေါင်းစည်းညီညွတ်သော ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖော်ဆောင်အောင်မြင်နိုင်ဖို့ NCA စာချုပ်ပါ ကတိကဝတ်တွေကို လေးလေးစားစားလိုက်နာကြပါ။


- အမျိုးသားနိုင်ငံရေး အတွေးအမြင်ကြွယ်ဝသော၊ နိုင်ငံသားသစ္စာတရားပြည့်ဝသော နိုင်ငံကြီးသားစိတ်ထား ရှိသူတွေဖြစ်လာစေရန် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်သွားကြပါ။


- NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် အဖွဲ့အစည်းတွေ ပါဝင်လာစေဖို့အတွက် နှိုးဆော် တိုက်တွန်းမှုတွေ၊ စည်းရုံးသိမ်းသွင်းမှုတွေကို တတ်စွမ်းနိုင်သမျှ ပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တမ်း ကောင်းတစ်ခု စိုက်ထူသွားကြပါစို့လို့ နှိုးဆော်တိုက်တွန်းထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)