တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိရေး ကရင်ပြည်နယ် မိုးစပါးစံကွက်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိရေး ကရင်ပြည်နယ် မိုးစပါးစံကွက်ရိတ်သိမ်း

 


MNP - အောက်တိုဘာ ၂၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးစပါးစံကွက်ရိတ်သိမ်းသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၀၇-ခ)၊ ဝါးဆူးကွင်းရှိ တောင်သူဒေါ်မူးဒီး၏ ဆင်းသုခ (၁ ဒဿမ ၄၀ ဧက)စိုက်ခင်း၌ ကျင်းပသည်။


မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများ၏ လူနေမှုဘဝသာယာမြင့်မားတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်း မြင့်မာရေး၊ ဈေးကွက်ဝင်သီးနှံများနှင့် အဓိကသီးနှံများ ဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်နိုင်မှု စွမ်းပကားတိုးတက်မှု အခြေအနေကို သီးနှံအလိုက် မျိုးကွဲအလိုက်အထွက်နှုန်းများ တိုင်းတာစိစစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မိုးအောင်က စံကွက်ရိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်ဝမ်းက သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။


ယင်းနောက် တစ်ဧကအထွက်နှုန်းမှန်ကန်စွာ ရရှိရေးအတွက် စိုက်ပျိုးပြီးစီးသည့် မိုးစပါးဧကများအနက် ကိုယ်စားအလွှာ(သင့်)ကို ကိုယ်စားပြုသော ဆင်းသုခ မိုးစပါးစိုက်ခင်းကို တောင်သူများနှင့် အတူ (၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား  မိုးစပါးစံကွက်ရိတ်သိမ်းရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ခြောက်သွေ့ပြီး တစ်ဧကအထွက်နှုန်း ၆၅ ဒဿမ ၆၈ တင်း ထွက်ရှိကြောင်း သိရသည်။


အလားတူ အမှတ်(၂၀) ဘားအံစက်မှုလယ်ယာဦးစီးဌာနမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စက်မှုလယ်ယာ ဦးစီးမှူးက ရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုခြင်းအားဖြင့် လုပ်သားရှားပါးသည့် ပြဿနာကို ကျော်လွှားနိုင်ပြီး စပါးလေလွင့်ဆုံးရှုံးမှု နည်းပါးသည့်အတွက် အချိန်မီရိတ်သိမ်းခြွေလှေ့နိုင်ကြောင်း ရှင်းလင်းပြောပြသည်။ ကရင်ပြည်နယ်တွင် ယခုနှစ်မိုးစပါးဧက လေးသိန်းသုံးသောင်းခန့် စိုက်ပျိုးပြီးစီးနေသည့်အပေါ် ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက် ခွဲခြားပြုစု၍  ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၃၂၄၀ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)