စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်



MNP - အောက်တိုဘာ   ၁၃


စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ပြီး ယခု အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်အသုံးချနိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချ မူဝါဒကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ မူဝါဒရေးဆွဲရာတွင် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့်ရေးဆွဲခဲ့ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ကုလသမဂ္ဂက အတည်ပြုလက်ခံထားသည့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအတွက် လိုက်နာသင့်သည့် လမ်းညွှန်ချက်များကိုလည်း ကိုးကားရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့်လည်း ဧရိယာကျယ်ဝန်းသည့်အတွက် မြေယာစီမံခန့်ခွဲမှုများ စနစ်တကျဖြစ်စေရန် ကော်မတီအဖွဲ့များက လုပ်ငန်းများအပေါ် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေအသုံးချမှုများ စနစ်တကျရှိစေရန်အတွက် တိုင်းဒေသကြီး မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ မြေအသုံးချမှုစီမံခန့်ခွဲရေး လုပ်ငန်းများအပေါ် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်နေသော လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အခန်းကဏ္ဍအလိုက်၊ နေရာဒေသအလိုက် ကျရာနေရာမှပါဝင်ပြီး ကြိုးပမ်းထမ်းဆောင် သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက မြေအသုံးချမှု လုပ်ငန်းအခြေအနေ များအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်သုံးသပ် တင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)