သုဝဏ္ဏဝတီမြို့၌ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးပူဇော်ပွဲ အစဉ်အလာမပျက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုဝဏ္ဏဝတီမြို့၌ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးပူဇော်ပွဲ အစဉ်အလာမပျက်ကျင်းပ



MNP - အောက်တိုဘာ   ၁၀


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် သီတင်းကျွတ်ကာလ၌  နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးပူဇော်ပွဲကို ကျိုက္ကော်ရပ်ကွက် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးဘေးရှိ ကန်တော်မင်္ဂလာ၌ အစဉ်အလာမပျက် စည်ကားစွာ ကျင်းပလျှက်ရှိကြောင်း သိရသည်။


"ကိုဗစ်ကြောင့် အရင်ကလောက် စည်စည်ကားကားမကျင်းပနိုင်ခဲ့တာ ဒီနှစ်ပါဆို သုံးနှစ်လောက်တော့ရှိပြီ။ အရင်ကဆိုရင် ဇာတ်သဘင်တွေ၊ ဘုရားပွဲဈေးတွေနဲ့ ကြက်ပျံမကျ စည်ကားအောင်ကျင်းပနိုင်ခဲ့တာပေါ့။ မထေရ်မြတ်ကြီးပူဇော်ပွဲကို အတတ်နိုင်ဆုံး လာရောက်ဖူးမျှော်သူတွေ စိတ်အေးချမ်းသာမှုရအောင် စီမံထားပါတယ်" ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူဦး‌ဇော်က ပြောသည်။


ပွဲတော်ကျင်းပရာတွင် လာရောက်ဖူးမျှော်ကြသူ ပြည်သူများ၊ ပွဲဈေးရောင်းချသူများတို့ဖြင့် အထူးစည်ကားပြီး ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များတို့က ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် လုံခြုံရေးနှင့် လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မက်စ်များ ဝေငှပေးခြင်း၊ ယာဉ်များ ဆိုင်ကယ်များ ပျောက်ပျက်‌ခြင်းမရှိအောင် အခမဲ့ ကြည့်ရှုစောင့်ရှောက်ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးကြလျက်ရှိသည်။


မထေရ်မြတ်ကြီး ပူဇော်သည့် ပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်ပြီး ပွဲတော်ကျင်းပရာတွင် ရုပ်ပွားတော်မြတ်အား ရပ်ကွက်၊ ကျေးရွာများသို့ နှစ်ရက်တာ လှည့်လည် အပူဇော်ခံ ကြွချီခြင်းပြီး ယာယီစံနန်းတော်၌ စံမြန်းခြင်း၊ လပြည့်နေ့၌ ဘုရားအမှူးပြုသော သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်တို့ဖြင့် စုပေါင်းလောင်းလှူခြင်း၊ ဆီမီးများဖြင့်ပူဇော်ခြင်း၊ ကန်တော်မင်္ဂလာအတွင်း ဖောင်တော်ဖြင့် လှည့်လည်အပူဇော်ခံခြင်းတို့ကို ဆောင်ရွက်ကြကာ လပြည့်ကျော်တစ်ရက်နေ့၌ မထေရ်မြတ်ကြီးအား ဖောင်တော်မျှော၍ ရေချပူဇော်ပြီး မူလစံကျောင်းတော်သို့ ပြန်လည်ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)