ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား‌ရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးအတွက် လာမည့်ပွင့်လင်းရာသီတွင် အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား‌ရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးအတွက် လာမည့်ပွင့်လင်းရာသီတွင် အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး




MNP - အောက်တိုဘာ   ၁၃


ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် လာမည့်ပွင့်လင်းရာသီတွင် အမြန်ဆုံးနေရာချထားပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ခဲ့ကြသော်လည်း လာမည့်ပွင့်လင်း ရာသီတွင် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့်ပွင့်လင်းရာသီတွင် အမြန်ဆုံး ပြန်လည်နေရာချထားပေးနိုင်ရေး၊ ပုံမှန်ရပ်တည် လုပ်ကိုင်စားသောက် နိုင်ရေးအတွက် နေရာဒေသအလိုက် ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအမံများကို ဆပ်ကော်မတီအလိုက်၊ ဘာသာရေး အသင်း အဖွဲ့အသီးသီးအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေဆောင်ရွက်ပေးသွားရမည့် လုပ်ငန်းများဖြစ်သည့်အတွက် နည်းလမ်းများရှာဖွေပြီး အလေးထား ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။


ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ပြန်လည်နေရာချထားရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်အလိုက် နေရပ်စွန့်ခွာ ယာယီခိုလှုံရာစခန်းအရေအတွက်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ နေရပ်ကျေးရွာများ နှင့် ပြန်လည်ထူထောင်ရေးစခန်းများတွင် နေရာချထား‌ပေးသွားမည့် အစီအစဉ်များ၊ နေအိမ်များ အသစ်တည် ဆောက်/ ပြုပြင်နိုင်ရေး ဘာသာရေး အသင်းအဖွဲ့များ၊ NGO၊ INGO အဖွဲ့အစည်းများဖြင့် ပေါင်းစပ်ဆောင်ရွက်ထားရှိသည့် အစီအမံ များနှင့် ရန်ပုံငွေလိုအပ်ချက်၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် အခက်အခဲများကို အသီးသီးတင်ပြကြခဲ့သည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးပြန်လည်နေရာချထား‌ပေးရေးအတွက် နေရပ်စွန့်ခွာသူများ ဘဝရပ်တည်နေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များကို ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်နိုင်ရေး စသည့်လိုအပ်ချက်များကို ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်(၁၁)နာရီက အဆိုပါခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး မြစ်ကြီးနားခရိုင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ပြည်နယ်အတွင်း ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှု ပိုမိုအားကောင်းလာစေရေးအတွက် ညှိနှိုင်းဖျန်ဖြေရေး၊ ဖြေလျော့ပေးရေးနှင့် စည်းရုံးရေးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်စေခဲ့ရာ တိုးတက်အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်ရေး အတွက် ခရိုင်အဆင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ယနေ့ မြစ်ကြီးနားခရိုင်အဖွဲ့ကို စနစ်တကျရွေးချယ် ဖွဲ့စည်းသွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်က မြစ်ကြီးနားခရိုင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများနှင့် အတူ ခရိုင်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များကို ရွေးချယ်အတည်ပြုခဲ့ကြကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးခဲ့မှု များ၊ ပန်းခင်းစီမံချက်၊ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အဖွဲ့အစည်း အသီးသီးတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြရာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)