စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စုပေါင်းမဟာဘုံကထိန် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စုပေါင်းမဟာဘုံကထိန် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်


MNP ၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန် စိမ်းလောင်းလှူပွဲနှင့် စုပေါင်းမဟာဘုံကထိန်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများစုပေါင်း၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်တွင် ကျင်းပသွားမည့် ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းကာ တာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များကလည်း မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ပြီး ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ညှိနှိုင်းဆောင် ရွက်သွားကြရန်နှင့် လိုအပ်ချက်များရှိပါက မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အား အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။


အလားတူ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကိုလည်း နှစ်စဉ်စည်းကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံ ရှိပြီးသားဖြစ်ကာ ယခုနှစ်အခမ်းအနားကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအဖွဲ့ဝင် များက လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက် နိုင်မည်ကိုလည်း ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စုပေါင်းမဟာဘုံကထိန် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စုပေါင်းမဟာဘုံကထိန် ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအားလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက ဖိတ်ကြားရေးလုပ်ငန်း များအားလည်းကောင်း၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနှမှ သံဃာတော်များ ပင့်ဆောင်ကြိုဆိုရေးနှင့်နေရာချထားရေး လုပ်ငန်းများအားလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြ ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပထမအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် စုပေါင်းမဟာဘုံကထိန် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက် လာသူများနှင့် ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)