MNP - အောက်တိုဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံများစိုက်ပျိုးကာ ဆီဖူလုံစေရေးအတွက်ရည်ရွယ်၍ အထွက်နှုန်းကောင်း၊ ဆီထွက်နှုန်းကောင်းသည့် နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ထောက်ပံ့ပေးနေလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ချင်းခင်ကျေးရွာအုပ်စုအတွင်းရှိ နေကြာစိုက်တောင်သူများအား ဆီထွက်သီးနှံ နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့နှင့်သွင်းအားစု ဓါတ်ဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စားသုံးဆီဖူလုံစေရေး ဖြူးမြို့နယ်အတွင်း နေကြာဧက(၈၁၀၀)ကျော် စိုက်ပျိုးနိုင်ရေးအတွက် စီမံကိန်းလျာထားချက်ရှိရာ အထွက်နှုန်းကောင်း၊ ဆီထွက်နှုန်းကောင်းသည့် ရတနာရေဆင်းစပ်မျိုး နေကြာ-၁ နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများကို နေကြာစိုက်တောင်သူများထံသို့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အဆိုပါနေ့ကတက်ရောက်လာကြသော တောင်သူများအား ဖြူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ကိုလတ်က နေကြာသီးနှံစိုက်ပျိုးရာတွင် မျိူးစေ့၊ စိုက်နည်းစနစ်၊ သွင်းအားစုများ သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အထွက်နှုန်းကောင်း၊ ဆီထွက်နှုန်းကောင်းသည့် ရတနာရေဆင်းစပ်မျိုးနေကြာ-၁ နေကြာမျိုးစေ့နှင့်သွင်းအားစုဓာတ်မြေဩဇာများကို တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - နေမျိုးလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment