စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီ တော်၊ ပုညရှင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီ တော်၊ ပုညရှင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ

 



MNP -  အောက်တိုဘာ   ၈                   


စစ်ကိုင်းတိုင်ဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်၊ ပုညရှင် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်း မြို့၊ သောတပန်ရပ်ကွက်၊ ခေမာသီဝံကျောင်းတိုက်၊ နိုင်ငံတော်သြဝါဒါ စရိယ၊ မဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသီရီ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သယံဇာတရေးရာဝန်ကြီးတို့က ဆွမ်းဦးပုညရှင် ဂေါပက အဖွဲ့ထံ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း-၅၀၀ (ငါးရာ) အားပေးအပ် လှူဒါန်းရာ ဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်လက်ခံရယူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကော်မတီထံ အလှူရှင်များက အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များမှ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်းပေါင်း- ၃၅၄၄၄၀၀၀၀ (သုံးထောင် ငါးရာလေးဆယ်လေးသိန်း လေးသောင်း)ကျပ် အား လှူဒါန်းခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက်ရင်ပြင်တော်ပေါ်တွင် တည်ဆောက်မည့် အလျား -၁၀၈ ပေ၊ အနံ - ၅၄ ပေ၊ အမြင့် - ၁၈ ပေ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင် စေတီတော်၊ ပုညရှင်သာသနာ့ဗိမာန်တော် တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်နေမှု အခြေအနေ၊ သုံးစွဲ ကုန်ကျမှု နှင့် အလှူငွေရရှိမှုများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပုညရှင်သာသနာ့ဗိမာန်တော် တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များက တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် အလှူငွေရရှိသုံးစွဲမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေအကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)