စားသုံးဆီများသန့်စင်သည့် နည်းပညာများရရှိရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အစွမ်းကုန်ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးဆီများသန့်စင်သည့် နည်းပညာများရရှိရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အစွမ်းကုန်ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြောကြား



MNP ၊ အောက်တိုဘာ ၂၉

စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီများသန့်စင်သည့် နည်းပညာများရရှိရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အစွမ်းကုန်ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ထည့်သွင်းပြောကြားသွားသည်။


အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မိမိတို့ နိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ် စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော်လည်း ပြည်တွင်းဆီစားသုံးမှုတွင် မြေပဲဆီနှင့် နှမ်းဆီနှစ်မျိုးသာ အဓိကထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထို့ကြောင့် နေကြာဆီအပါအဝင် စားအုန်းဆီ၊ ပန်းနှမ်း ဆီ၊ မုန်ညင်းဆီ၊ ပဲပုပ်ဆီ၊ ဝါစေ့ဆီ၊ ဖွဲ့နုဆီ စသည့် ဆီအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျှင် စားသုံးဆီတင်သွင်းမှုအတွက်အသုံးပြုရသော နိုင်ငံခြားငွေချွေတာနိုင်ခြင်းကြောင့် အခြားပြည်တွင်းလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းတိုးချဲ့ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအဖြေရှာပြီး လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ စားသုံးဆီများ သန့်စင်သည့် (Refinery) နည် ပညာဆိုင်ရာများ သိရှိနိုင်မည်ဖြစ်သည့်အတွက် ဆီစက်လုပ်ငန်း ရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူရစေမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း၌ စားသုံးဆီဖူလုံရေးနှင့် သန့်စင်သောဆီများအသုံးပြုနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သန့်စင်သည့်ဆီများ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီဆီစက်များရှိရန်လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်ဆီများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆီအုန်းများကို စိုက်ပျိုးလျက် ရှိသော်လည်း စားသုံးရန်အသင့်ဖြစ်သော ဆီချောထုတ်လုပ်ရန် စိန်ခေါ်မှုများရှိနေပါကြောင်း၊ ပြည်တွင်း၌စားသုံးဆီများထုတ်လုပ်ရာတွင် ကုန်စင်အောင်ကြိတ်ခွဲနိုင်ရေးအတွက် ဆီစက် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဌာနအနေဖြင့် ဆီစက်အသေးစားများကိုတည်ဆောက်၍ ပြည်တွင်းဆီလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တောင်သူ လယ်သမားများအစုအဖွဲ့ သမဝါယမအသင်းများမှတစ်ဆင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင် အောင် ကူညီဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆီစက်များအတွက် ကုန်ကြမ်းရရှိရေး၊ အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဖြည့် ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်ပမှစားသုံးဆီများကို တစ်နှစ်လျှင် တန်ချိန် ၈ သိန်းခန့် တင်သွင်း နေရကြောင်း၊ ပြည်တွင်းရှိဆီစက်များကို စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းရှိဆီစက်များအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လျှင် အနာဂတ်စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီများသန့်စင်သည့် နည်းပညာများရရှိရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အစွမ်းကုန်ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ထုတ်ကုန်များနှင့်ပတ်သက်၍ စံချိန်စံညွှန်းများ သတ်မှတ်ထားရန်လိုကြောင်း၊ စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများကိုလည်းချမှတ်ထားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စံချိန်စံညွှန်းဆိုင်ရာကိစ္စရပ်များ၊ ဓာတ်ခွဲခန်းဆိုင်ရာကိစ္စရပ်များ၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အပြည့်အဝကူညီဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌက မြန်မာစားသုံးဆီ ထုတ်လုပ်သောလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစာအာဟာရဆိုင်ရာသိပ္ပံနှင့် နည်းပညာအသင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့်ဘာသာရပ် ဆိုင်ရာ ပညာရှင်များက ဆီသန့်စင်ထုတ်လုပ်သည့် နည်းပညာများ၊ ဖွံ့ဖြိုးရေးချေးငွေအစီအမံ များ၊ စံချိန်စံညွှန်းရေးဆွဲမှုများ၊ FDA ဆိုင်ရာ သိကောင်းစရာများ၊ ဈေးကွက်တွင် ဆီထွက်သီးနှံ ရောင်းချမှုများအကြောင်း ဆွေးနွေးတင်ပြမှုများအပေါ် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)