လွိုင်ကော်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မတည်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မတည်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ


MNP ၊ အောက်တိုဘာ  ၂၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မတည်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင် တောင်သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကိုချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေ ၊ မွေးမြူရေးနှင့်ဆက်နွယ်သည့်လုပ်ငန်း ဆောင်ရွက်နေသူများကိုအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှချေးငွေမတည် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်၏ အဓိကအခြေခံအဆောက်အအုံများ ခိုင်မာစေရေးအတွက် ပြည်နယ်၏သေချာသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေရယူမည့် လုပ်ငန်းရှင်တောင်သူများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း လူမှုစီးပွားဘဝတည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် အတူဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ချေးငွေမတည်ရန်ပုံငွေများကိုပေးအပ်ရာ  ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးအစုအဖွဲ့များနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး သမဝါယမအသင်း(၁၄)သင်းတို့အတွက်လည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက ငါးမွေးမြူရေးဖော်စပ် အစာထုတ်လုပ်ငန်းများအတွက်လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လွိုင်ကော်မြို့နယ် နေကြာစိုက်တောင်သူ အစုအဖွဲ့များနှင့်  ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဒီးမော့ဆိုမြို့နယ် နေကြာစိုက်တောင်သူ အစုအဖွဲ့များအားလည်းကောင်း မတည်ထောက်ပံ့ငွေများပေးအပ်ရာ တောင်သူများက လက်ခံရယူကြသည်။


ယင်းနောက် စိုက်ပျိုးမွေးမြူရေးတောင်သူများကိုယ်စား တောင်သူ(၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင် တောင်သူများက သိရှိလိုသည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။


ယနေ့အခမ်းအနားတွင် ကယားပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူပေါင်း (၆၃)ဦးအတွက် ချေးငွေကျပ် (၃၈.၈)သန်း၊ မွေးမြူရေးလုပ်ငန်းရှင်(၆၀)ဦးအတွက် ချေးငွေကျပ်(၄၀၉.၀၅)သန်း၊ သမဝါယမအသင်း (၁၄)သင်းအတွက် ချေးငွေကျပ်(၂၈၀)သန်း စုစုပေါင်း(၇၂၇.၈၅)သန်းကို လုပ်ငန်းရှင် တောင်သူများထံ လက်ဝယ်အရောက် မတည်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုဇင်(လွိုင်ကော်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)