ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သံတွဲခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း သံတွဲခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ   ၁၅


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင်အတွင်း စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်၌ Golden Myanmar property development ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းမည့် အခမဲ့အသက်မွေး ပညာသင်တန်းကျောင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့တက်ရောက်ပြီး ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် သင်တန်းကျောင်းနေရာအား ပန္နက်ရိုက်ပေးကြပြီး ကုမ္ပဏီမှတာဝန်ရှိသူက အသက်မွေးပညာသင်တန်းကျောင်းနှင့် ခရီးသွားလုပ်ငန်းအထောက်အကူပြု အိမ်ရာစီမံကိန်းနှင့် ပတ်သက်သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။


ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် အလယ်ရွာကျေးရွာ၌ တောင်သူ(၁၅) ဦး၏ ဆင်းသွယ်လတ်မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း  ၂၅ ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်နှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးအောင်မြင်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး မျိုးကောင်း၊ မျိုးသန့်များ တို့ချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဒေသတွင်းဖြန့်ဖြူးရောင်းချနိုင်သည့်အထိ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြား တောင်သူများ၏တင်ပြချက်များအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ရှင်စောပြင်ကျေးရွာရှိ ဖြိုးမင်းဝင်း ဆန်စက်၌ ဒေသထွက်စပါးများအားကြိတ်ခွဲနေမှုကိုလည်းကောင်း၊ ရွှေလှေကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၌ ဥစားကြက်ကောင်ရေ(၁၀၀၀၀) မွေးမြူထားသည့်လုပ်ငန်းရှင် ဦးခင်ရွှေ၏ ကြက်မွေးမြူရေးခြံအားလည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားခဲ့သည်။


ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လမ်းအထူးအဖွဲ့(၁၈) မှဆောင်ရွက်လျက်ရှိသည့် တောင်ကုတ် - မအီ - ကျောက်ဖြူလမ်း(တောင်ကုတ်- မအီအပိုင်း) ကိုင်းရှည်တံတားမှ တောင်ကုတ် တက္ကသိုလ်ထိ ကွန်ကရစ်လမ်းနှင့် ကတ္တရာကွန်ကရစ်(AC)လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တောင်ကုတ်မြို့တွင်းလမ်း(တပ်ရှောင်လမ်း)အား ယခင်ကတ္တရာလမ်းမှ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ဆရာတော်ဦးဥတ္တမရုပ်ထုအနီး သန့်ရှင်းသာယာလှပရေးနှင့် ဦးဥတ္တမကလေးကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)