နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်






MNP ၊ အောက်တိုဘာ ၁၈

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ညီလာခံခန်းမ၌ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ၅ နှစ်ကျော်ကာလနီးပါး ရပ်နားခဲ့ရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ပြန်လည်ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးအားထုတ်ခဲ့ရပါကြောင်း၊ သက်ဆိုင်ရာဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ နည်းပြဆရာ၊ ဆရာမကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အောင်မြင်သိုက်မြိုက်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ပြီး ယခုကဲ့သို့ ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း။


ယှဉ်ပြိုင်ခြင်းဖြင့် အောင်မြင်မှုမှတ်တိုင်တစ်ခုရယူနိုင်ရေးဟုဆိုရာတွင် ပညာရပ်တစ်ခုကို စည်းစနစ်ကျစွာ သင်ကြားနာယူမှု၊ စွဲမြဲစွာတစိုက်မတ်မတ်လေ့ကျင့်ကြိုးစားမှု၊ ကျန်းမာရေးနှင့်ဆိုင်သည့် သက်လုံပြည့်ဝမှု၊ ဇွဲရှိမှုနှင့် သာလွန်ကောင်းမွန်သော ထိုးထွင်းသိမြင်မှု စသည့် အကြောင်းများစွာပေါ်၌ အခြေခံလျက်ရှိကြောင်း။


တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ဆုအသီးသီးရယူနိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များကို ဂုဏ်ယူဝမ်းမြောက်ကြောင်းကို ပြောကြားလိုကြောင်း၊ ဆုမရရှိသော်လည်း ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်မြတ်နိုးနိုးယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှုကိုလည်း တန်ဖိုးထားအသိအမှတ်ပြုပါကြောင်း။


မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အနေဖြင့် အချိန်အား၊ လူအား၊ ဓနငွေကြေးအင်အားများနှင့် ကျင်းပပေးနေခြင်းသည် မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပိုင်ဆိုင်ထားကြသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ကောင်းမြတ်သည့်ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းအပြင် အဆိုပါအမွေအနှစ်များ တိမ်ကောပျောက်ကွယ်မသွားစေရန် ဆင့်ကဲဆင့်ကဲ ဖြန့်ဝေဆက်ခံ နိုင်ကြရန်ဖြစ်ကြောင်း။


အထူးအားဖြင့် ပင်းယခေတ်တွင် ပေါ်ထွန်းခဲ့သည့် ကာချင်းများ၊ အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သည့် ကြိုးသီချင်းများ၊ ကုန်းဘောင်ခေတ်တွင် ထင်ရှားခဲ့သည့် ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုးများ စသည့် မဟာဂီတဟု သတ်မှတ်ခြင်းခံထားရသည့် တေးသီချင်းများနှင့် ကျေးလက်တေးသံများသည် ယနေ့ခေတ် ပြည်သူများအကြား ပျံ့နှံ့မှုအားနည်းလာခဲ့ပြီ ဖြစ်ကြောင်း။


သို့သော် အချို့သောအသိပညာရှင်၊ အတတ်ပညာရှင်များသည် ယနေ့ခေတ်ဆက်သွယ်ရေး ဆိုင်ရာ နည်းပညာတိုးတက်မြင့်မားလာမှုကိုအသုံးပြု၍ လူမှုကွန်ရက်မီဒီယာအချို့တွင် မဟာဂီတဝင် ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး အစရှိသည့် တေးသီချင်းများကို အတီးတူရိယာတစ်မျိုးထဲအနေဖြင့်ဖြစ်စေ၊ ဆိုတီးနှစ်ဖြာရောနှော၍ဖြစ်စေ ထုတ်လွှင့်နေကြ သည်ကို တွေ့မြင်ကြားသိနေရသည့်အတွက် များစွာအသိအမှတ်ပြုမိကြောင်း၊ ယနေ့ Globalization ဟုခေါ်သည့် ကမ္ဘာ့ရွာကြီးထဲတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၏အရွေ့သည် အကောင်းနှင့်အဆိုး အရှိန်အဟုန်မြင့်မားလျက် အပြန်အလှန်ကူးပြောင်းနေသကဲ့သို့ ရည်ရွယ်ချက်ရှိရှိဖြင့် ရိုးရာယဉ်ကျေးမှု အလေ့ အထအမူအကျင့်စရိုက်များ တိမ်ကောပပျောက်သွားအောင် နည်းမျိုးစုံဖြင့် ထိုးဖောက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများအပေါ် မိမိတို့နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း အမျိုးဂုဏ် ဇာတိဂုဏ်စောင့်ထိန်းရင်း မိမိနိုင်ငံ မိမိနိုင်ငံသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို နှောက်ယှက်ဖျက်ဆီးခြင်းမှကင်းဝေးစေရန် ဝိုင်းဝန်းကြိုးပမ်း ကာကွယ်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း။


လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခြောက်ရာကျော်တွင်ပေါ်ထွန်းခဲ့သည့် ဗုဒ္ဓ၏ တရားဒေသနာများနှင့် အခြားသောဘာသာတရားတို့၏ ကောင်းမြတ်သောအဆုံးအမများ ယနေ့အထိတည်တံ့နေခြင်းသည် သက်ဝင်ယုံကြည်မှုနှင့်အတူ လက်ဆင့်ကမ်းပညာ အမွေပေးမှုရှိခြင်းနှင့် နာယူမှတ်သားသူအဆင့်ဆင့်ကလည်း ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နှင့် စဉ်ဆက်မပြတ် ကြိုးစားကျင့်ကြံကြိုးစားအားထုတ်ခဲ့၍ဖြစ်ကြောင်း။


ထိုနည်းတူ မိမိတို့ နေ့စဉ်လူမှုဘဝထဲမှ ကောင်းမြတ်သောဓလေ့ထုံးစံများနှင့် တန်ဖိုးကြီးမားသော အနုသုခုမအမွေအနှစ်များကို ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းနှင့် ပွားများအောင်ကြိုးပမ်းခြင်းများ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


မကြာမီပြီးစီးတော့မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်ပြီးမြောက်အောင် စီမံဆောင်ရွက်ပေးကြသည့် ပြိုင်ပွဲ ကျင်းပရေးဦးစီးကောင်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် လူအား ငွေအား စေတနာအားတို့ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ကာလရှည်ကြာကျင်းပခဲ့သည့် ပြိုင်ပွဲကြီးတစ်လျှောက် မြန်မာတို့၏ အဆင့်အတန်းမြင့်မားလှ သည့် အနုသုခုမပညာရပ်များ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးတမ်းအစဉ်အလာ များကို မျိုးဆက်သစ်လူငယ်လူရွယ်၊ တိုင်းရင်းသားညီနောင်များအတွက် ပညာအမွေပေးရန် ပြင်းပြသည့်စိတ်စေတနာ အပြည့်အဝဖြင့် မိမိတို့၏ အသက်အရွယ်နှင့် ကျန်းမာရေးကိုပင် လျစ်လျူရှုပြီး ပြိုင်ပွဲဝင်များအပေါ် လိုအပ်သည်များကို ပြုပြင်ပေးကြသည့် အကဲဖြတ်ဒိုင်လူကြီးများအပါအဝင် ပြိုင်ပွဲအားလုံး၌ စိတ်ရောကိုယ်ပါနှစ်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ အားမာန်အပြည့်အဝဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ချစ်ကြည်ရင်းနှီးအပ်သော တိုင်းရင်းသားညီနောင် လူငယ်လူရွယ်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။


ထို့ပြင် ပြိုင်ပွဲကာလတစ်လျှောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းသူ အသင်းသားများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ အားလုံးကလည်း အဆင့်ရှိရှိ အပြိုင်အဆိုင် ကြိုးကြိုးစားစား ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်ကို ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှ အနာဂတ်နိုင်ငံတော်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကြမည့် မျိုးဆက်သစ်ထူးချွန်သည့် အနုပညာရှင် မြောက်များစွာ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။


ကျင်းပပြီးစီခဲ့သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အကြောင်းပြု၍ ရရှိခဲ့သောအောင်မြင်မှုဆုတံဆိပ်များ၊ ပြိုင်ပွဲကာလအတွင်း တွေ့ကြုံရင်းနှီးခဲ့ရသည့် တိုင်းရင်းသားညီအစ်ကို‌မောင်နှမများနှင့် အပြန်အလှန် ချစ်ကြည်ခိုင်မြဲခဲ့ရသော မေတ္တာတရားများကိုအခြေခံ၍ မိမိတို့နေရပ်ဒေသများသို့ ပြန်လည်ရောက်ရှိကြသည့်အခါ နိုင်ငံ့အကျိုးနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဖြစ်ကြသည့် နိုင်ငံသူနိုင်ငံသားများ၏အကျိုးကို သက်ဆိုင်ရာ လုပ်ငန်းခွင်၊ စာသင် ခန်းများမှတစ်ဆင့် ဆတက်ထမ်းပိုးသယ်ပိုးနိုင်ကြပါစေကြောင်း ပြောကြားသည်။


ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက မဟာဂီတတေးသီချင်း အဆိုပြိုင်ပွဲ၊ ကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း အဆိုပြိုင်ပွဲတို့တွင် ဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် အဆင့်မြင့်ပညာအဆင့် (အမျိုးသား) “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး”  တေးသီချင်းအဆိုပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးမှ မောင်စွမ်းရည်ထက်က ဖျော်ဖြေတင်ဆက်သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက အကပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲ၊ ကွက်စိပ်ပြိုင်ပွဲ၊ ရာမာယဏဇာတ်တော်ကြီးပြိုင်ပွဲ၊ မြန်မာအက အခြေခံကဗျာလွတ် အကပြိုင်ပွဲတို့တွင် ဆုရရှိသူများနှင့် အကပံ့ပိုးဆိုင်းအဖွဲ့ ဆုရရှိသူများ၊ ဆို ငို ပြော ထူးချွန်ဆု၊ ဇာတ်ပို့ဆိုင်းထူးချွန်ဆု၊ ဇာတ်ညွှန်း ထူးချွန်ဆု၊ ဒါရိုက်တာထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ကဗျာလွတ် အကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကရင်ပြည်နယ်မှ နန်းသဇင်အေးနှင့်အဖွဲ့က ကပြဖျော်ဖြေတင်ဆက်သည်။


ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်က အရေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ဝါသနာရှင်အဆင့် (ပထမတန်း) အရေးပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးမှ ဦးဗိုလ်စိုးရေးသားသည့် “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက စောင်းအတီးပြိုင်ပွဲ၊ စန္ဒယားအတီး ပြိုင်ပွဲ၊ ပတ္တလားအတီးပြိုင်ပွဲ၊ တယောအတီးပြိုင်ပွဲ၊ မယ်ဒလင်အတီးပြိုင်ပွဲ၊ ဂီတာအတီးပြိုင်ပွဲနှင့် ဒုံမင်းအတီးပြိုင်ပွဲ၊ ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲ၊ ဆိုင်းအဖွဲ့လိုက်အတီးပြိုင်ပွဲ၊ နှဲပြိုင်ပွဲ၊ ပလွေပြိုင်ပွဲ၊ အိုးစည်ပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြ သည်။


ထို့နောက် အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ပတ္တလား အတီးပြိုင်ပွဲတွင် ပထမဆုရရှိသော မွန်ပြည်နယ်မှ မနွေးနွေးထက်က တီးခတ်ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကိုရုပ်သိမ်းသည်။


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှုများမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၂၈)ဆု၊ မန္တလေးတိုင်းဒေသကြီးမှ (၈၈)ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ (၅၈)ဆု၊ ပဲခူးတိုင်းဒေသကြီးမှ (၃၃)ဆု၊ ကရင်ပြည်နယ်မှ (၂၀)ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃၆)ဆု၊ မကွေးတိုင်းဒေသကြီးမှ (၂၂)ဆု၊ ချင်းပြည်နယ်မှ (၂၁)ဆု၊ ရခိုင်ပြည်နယ်မှ (၂၀)ဆု၊ တနင်္သာရီတိုင်းဒေသကြီးမှ (၂၃)ဆု၊ ကယားပြည်နယ်မှ (၁၀)ဆု၊ မွန်ပြည်နယ်မှ (၁၅)ဆု၊ ကချင်ပြည်နယ်မှ (၁၁)ဆုနှင့် ရှမ်းပြည်နယ်မှ (၁၉)ဆု ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)