မအီမြို့တွင် ဆွမ်းသိမ်းပွဲအခမ်းအနား ကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ဆွမ်းသိမ်းပွဲအခမ်းအနား ကျင်းပဆောင်ရွက်





MNP ၊  အောက်တိုဘာ  ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဝါတွင်းကာလ(၃)လပတ်လုံး ဥပုသ်နေ့တိုင်း၌ မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါး(၆၀)ခန့်တို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ ဆွမ်းသိမ်းပွဲအခမ်းအနားကို မအီမြို့၊ ဆွမ်းလောင်းအသင်းလူငယ်များက ဦးစီးဆောင်ရွက်၍ အဆိုပါ ဆွမ်းလောင်းအသင်းမဏ္ဍပ်တည်ရှိရာ မအီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် မအီမြို့ပေါ် သိမ်တောင်ကျောင်းတိုက်၊ ဥက္ကံတောင်ကျောင်းတိုက်နှင့် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်တို့မှ သံဃာတော်တို့အားပင့်ဖိတ်၍ ရှေးဦးစွာ ဆရာတော်သံဃာတော်များထံမှ မင်္ဂလသုတ်၊ ရတနာ့သုတ်၊ မေတ္တာသုတ်တို့ကို ဖိတ်ကြားထားသည့် အလှူရှင်များနှင့် မြို့မိမြို့ဖများက နားယူကြပြီးနောက် ဥက္ကံတောင်ဆရာတော် ဘဒ္ဒန္တပညာဇောတက အနုမောဒနာတရားများကို ဟောကြားပေးခဲ့သည်။ ယင်းနောက်  အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆွမ်းသိမ်းပွဲအခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့သည်။ ဆက်လက်၍ ဆရာတော်သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြသည့် တရားနာပရိတ်သတ်များကိုလည်း နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ 


ဖော်ပြပါ ဆွမ်းလောင်းအသင်းကို ၂၀၂၀- ခုနှစ်က စတင်ဖွဲ့စည်း၍ အရုဏ်ဆွမ်းလောင်းလှူခဲ့ကြသည်ဖြစ်ရာ ယခုနှစ်တွင် တတိယအကြိမ်မြောက် လောင်းလှူခဲ့ကြခြင်းဖြစ်ကြောင်း၊ နောင်နှစ်များ၌ ဝါတွင်းကာလများတွင်လည်း သံဃာတော်အရှင်သူမြတ်တို့အား ဤသို့အောင်မြင်စွာ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းသွားနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့အား အဆိုပါ ဆွမ်းလောင်အသင်းကို ဦးစီးဆောင်ရွက်သူ ကိုဖြိုးဝေလင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)