MNP - အောက်တိုဘာ ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူလူထု၏ လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရန် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တောင်ပေါ်ကျေးရွာရှိ ဒေသခံပြည်သူများအား အဆိုပါ ကျေးရွာခန်းမဆောင်၌ သွားရောက်တွေ့ဆုံ ဆွေးနွေးခြင်း ပြည်သူလူထုလိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကယားပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုများကို ဖားဆောင်းမြို့ တောင်ပေါ်တပ်ဦး ကျောင်းဆရာတော်ဘဒ္ဒန္တဇဝနထံသို့ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တောင်ပေါ်ကျေးရွာရှိ ခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသခံပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ မွေးမြူရေး၊ လယ်ယာစိုက်ပျိုးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် ပတ်သက်၍ ယခုလိုလာရောက် တွေ့ဆုံကွင်းဆင်း၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင် ဗိုလ်မှူး စင်အောင်သူငြိမ်းမှ ဒေသခံပြည်သူများ စည်းလုံးညီညွှတ်မှုရှိမှ မိမိရပ်ရွာအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာစစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာ အသီးသီးကလည်း မိမိတို့ဌာနများအနေဖြင့် ဒေသဖွံ့ဖြိုးလုပ်ငန်းဆိုင်ရာများအား ကဏ္ဍအလိုက် ဆောင်ရွက်ပေးနေမှုများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား လဲလှယ် (၅) ဦး၊ မိတ္တူ (၃) ဦး၊ အိမ်ထောင်စုခွဲ (၁) စု၊ အိမ်ထောင်စုမိတ္တူ (၁) စု၊ မွေးတိုး (၃) ဦး၊သေဆုံး (၂) ဦးတို့ကို ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိဖြူသွယ်နှင့် ဝန်ထမ်းများမှ ဒေသခံပြည်သူ (၃၀) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဒေသခံပြည်သူ (၁၇) ဦးအား အထွေထွေရောဂါကုသပေးခြင်းနှင့် လူမှူဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅) နှစ် အထက် အဘိုး (၁) ဦးအား ဒုတိယ ၃ လပတ်(ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် လူမှုရေးပင်စင်လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - နန်းသဲနုအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment