MNP - အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ကျီးချောင်းကျေးရွာအုပ်စု၊ သာသနာ့ပါလ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် ပိန်းချောင်းကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တို့၌ ယမန်နေ့က ကျင်းပ ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်း လျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများလွယ်ကူစွာ ပြုလုပ်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးစသည့် လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာ ဌာနများအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသောပြည်သူများအား ဆန်တစ်ပြည်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment