MNP - အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးထွက်လက်မှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီခွဲက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးအောင်က သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးအောင်က သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
ထို့နောက် ခရိုင်ကျေးလက်ဦးစီးမှူး ဦးခွန်မြင့်သောင်းနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသားများ ပြုလုပ်ထားသည့် ဝါးလက်မှုပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်တို့ကို ရည်ရွယ်၍ အဆိုပါဝါးထွက်လက်မှုသင်တန်းကို အောက်တိုဘာလ ၂၁ ရက်မှစတင်၍ (၁၀)ရက်ကြာဖွင့်လှစ်ခဲ့ပြီး တွံတီးကျေးရွာမှ ယင်းကြားတိုင်းရင်းသား ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment