ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်ခရိုင်နှင့် အမ်းခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်ခရိုင်နှင့် အမ်းခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်








MNP ၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင်နှင့် အမ်း ခရိုင်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့ တက် ရောက်သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ခရိုင်(၇၅) ခရိုင်ဖွဲ့စည်းထားရှိရာမှ ခရိုင်(၄၆) ခရိုင်ကိုထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုသို့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ရခိုင်ပြည်နယ်တွင် တောင်ကုတ်ခရိုင်နှင့် အမ်းခရိုင်တို့ပါဝင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ခရိုင်(၅) ခရိုင်ရှိခဲ့ရာမှ ယခုအခါ (၇)ခရိုင်ရှိလာပြီဖြစ်ကြောင်း၊ တောင်ကုတ်ခရိုင်တွင် ခရိုင်အဆင့်ရုံး(၁၂)ရုံးဖွင့်လှစ်ထားရှိပြီး ခရိုင်အဆင့်ဝန်ထမ်း(၆၉) ဦး တာဝန်ထမ်းဆောင်လျက်ရှိသည် ကိုသိရှိရပါကြောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် မိမိတို့ခရိုင်အောက်ရှိ မြို့နယ်များ၏ လုပ်ငန်း တာဝန်များကို လက်လှမ်းမီစွာဖြင့် ကြီးကြပ်ကွပ်ကဲနိုင်ပြီဖြစ်ပြီး ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တောင်ကုတ်မြို့သည် ခရိုင်မြို့ တစ်မြိုဖြစ်လာသည်နှင့် အမျှ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အပန်းဖြေမြို့ဖြစ်လာရေး၊ မြို့အဝင်အထွက် သာယာလှပရေး၊ မြို့တွင်းလမ်းများကောင်းမွန်စေရေးတို့အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာဌာနများ၊ မြို့မိ၊ မြို့ဖများနှင့် ပေါင်းစပ်ညှိနှိုင်းကာ မြို့သူမြို့သားအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်မြင့်လှိုင်က ခရိုင်ရုံးများဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်ခရိုင်တရားရုံး ဆောက်လုပ်မည့် မြေနေရာနှင့် တောင်ကုတ်ခရိုင် တရားရုံးဖွင့်လှစ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် တောင်ကုတ်မြို့မှ အမ်းမြို့သို့ သွားရောက်ပြီး အမ်းမြို့၊ ရွှေအမ်းတောင်ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့တက်ရောက်သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်ရုံးများဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ဒေသဆိုင်ရာအချက် အလက်များကိုရှင်းလင်းတင်ပြပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင် ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည် နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးတွင်ခရိုင်အဆင့်ဌာန ဆိုင်ရာရုံးများ ဖွင့်လှစ်ထားရှိမှုအားလည်းကောင်း၊ ဈေးတောင်ရပ်ကွက်ရှိ ယခင်ဒေသဖွံ့ဖြိုးရေးရုံးအား ပြန်လည်ပြုပြင်နေမှုအားလည်းကောင်း၊ အမ်းမြို့ဗျူးပွိုင့်အလှပြုပြင်ဆောင်ရွက်ထားရှိမှု အားလည်း ကောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ရုံးများဆောက်လုပ်မည်နေရာအားလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ ယင်းနောက် ဗျူးပွိုင့်အနီး အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းလုပ်ကိုင်လျက်ရှိသော Best Fly ရေသန့်စက်ရုံအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်ရှိ စုပေါင်းရုံးဟောင်းအား ပြန်လည်ပြုပြင်နေမှုအားလည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဆောက်လုပ်မည့် မြေနေရာအားလည်းကောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ တို့ချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားအထူးအဖွဲ့ (၈)မှ တည်ဆောက်လျက်ရှိသော မင်းဘူး - အမ်း - စစ်တွေလမ်းပေါ်ရှိ သယု(ပဲပဒုံ) တံတား (၄၀၀) ပေ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာက တံတား တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက် များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ သယု(ပဲပဒုံ)တံတားကို ပြည်ထောင်စုရန်ပုံငွေကျပ် ၄၀၃၀ သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ပြီးစီးမည်ဟု ခန့်မှန်းထားရာ လက်ရှိတွင် ၃၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့၊ ဈေးသစ်ဆောက်လုပ်မည့်မြေနေရာအား လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)