နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၄) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၈၄) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားတက်ရောက်






MNP ၊ အောက်တိုဘာ ၂၈

 တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၄) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြော ကြားသည်။


အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ ဗိုလ်ချုပ် အောင်မျိုးသန့်၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက် နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။


ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။


ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(လေ) အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။


ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် နည်းပြလေသူရဲများက အမောင်းသင်လေယာဉ်များ၊ အမောင်းသင်ရဟတ်ယာဉ် များဖြင့် အုပ်ဖွဲ့ပျံသန်း၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်အား အလေးပြုကြသည်။


ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က ကျောင်းဆင်း အရာရှိများအား လေသူရဲတောင်ပံများကို တစ်ဦးချင်းအပ်နှင်းသည်။


ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈၄)မှ စံပြလေသူရဲဆုရ ဗိုလ်ထက်နိုင်ဝင်း အားလည်းကောင်း၊ လေယာဉ်မောင်းထူးချွန်ဆုရ ဗိုလ်ထက်မြက်ကျော်အား လည်းကောင်း၊ စာပေထူးချွန်ဆုရ ဗိုလ်ဒေါ်အင်ကြင်းခက်အားလည်းကောင်း ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့် သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် တပ်မတော်(လေ)ကို ကျစ်လျစ်ပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီလေတပ်အဖြစ် တည်ဆောက်ရာတွင် ကျွမ်းကျင်ပြီး အရည်အချင်း/အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စနစ်တကျ လေ့ကျင့်ပေးလျက် ရှိကြောင်း၊ ထိုကဲ့သို့ လေ့ကျင့်ပေးရာတွင် အရေးအကြီးဆုံးဖြစ်သည့် လေသူရဲလေ့ကျင့်မှုအတွက် လေယာဉ်မောင်း သင်ကျောင်းတွင် နိုင်ငံတကာအဆင့်မီ လေ့ကျင့်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုပြီး လေ့ကျင့်သင်ကြားမှုများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ လေယာဉ်မောင်းသင်ကျောင်း၏ အဓိက ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အရည် အချင်း/အရည်အသွေး ပြည့်ဝပြီး တိုက်ပွဲဝင်အသင့် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နိုင်မည့် လေသူရဲများ မွေးထုတ်ပေးနိုင်ရေးအတွက် ပျံသန်းရေးနှင့် စာပေသင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာ လေတပ်များနှင့် ရင်ပေါင်တန်းနိုင်အောင် ပြင်ဆင်/ဖြည့်စွက် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။


သင်တန်းဆင်းပြီးသည်နှင့် သက်ဆိုင်ရာ ပျံသန်းရေးအုပ် အသီးသီး၌ တန်ဖိုးကြီးမားသည့် လေယာဉ်၊ ရဟတ်ယာဉ်များကို တာဝန်ယူပျံသန်းမောင်းနှင်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို စတင်ထမ်းဆောင်ခွင့်ရတော့မည် ဖြစ်ကြောင်း၊ လေသူရဲတစ်ဦးချင်းစီ၏ ပျံသန်းမှုအရည်အချင်း၊    အရည်အသွေး မြင့်မား နေမှသာ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေယာဉ်မောင်းသင်ကျောင်းက သင်ကြားပေးလိုက်သည့် ပညာရပ်များကို အခြေခံပြီး စဉ်ဆက်မပြတ် ဆင့်ပွားလေ့လာ သင်ယူမှတ်သားနေရမည်ဖြစ် သကဲ့သို့ တောင်ပံ အပ်နှင်းခံရပြီး လေသူရဲတစ်ဉီးဖြစ်လာသည့်အတွက် လေသူရဲတစ်ဦး၏ ဂုဏ်အင်္ဂါရပ်များ ဖြစ်သည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားခြင်း၊ ထိုးထွင်းဉာဏ်ထက်မြက်ခြင်း၊ သစ္စာရှိခြင်း၊ အမိန့်နာခံတတ်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းဟူသည့် အချက် များပြည့်စုံအောင် ဆက်လက် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ လေသူရဲတောင်ပံ အပ်နှင်းသည်ဆိုရာတွင် ဝေဟင်ထက်တွင် လေယာဉ်ကိုကျွမ်းကျင်စွာပျံသန်းရင်း နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်ကိုပင် ငဲ့ကွက်ခြင်းမရှိဘဲ စွန့်လွှတ်စွန့်စား ထမ်းဆောင်ရမည့်တာဝန်များကို အပ်နှင်းခံရခြင်း ဖြစ်သည်ဟု နှလုံးသွင်းခံယူ ထားကြရန် မှာကြားလိုကြောင်း။


လေသူရဲကောင်းတစ်ဦး ဆိုသည်မှာ လေယာဉ်/ရဟတ်ယာဉ် တစ်စီးကို မောင်းနှင်ပျံသန်းတတ်ရုံနှင့် မလုံလောက်ဘဲ ပျံသန်းရေးစည်းကမ်းများကို တိကျစွာ လိုက်နာတတ်မှု၊ မိမိလေယာဉ်/ရဟတ်ယာဉ်များ၏ စွမ်းပကားများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်မှု၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းနိုင်မှု၊ ပျံသန်းရေး စိတ်ဓာတ်မြင့်မားကောင်းမွန်မှု၊ ပျံသန်းရေးပညာနှင့် လေကြောင်း ဆိုင်ရာ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှု စသည့်အချက်များကို အမြဲလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လေသူရဲများအဖြစ် သက်ဆိုင်ရာ ပျံသန်းရေးအုပ် အသီးသီးတွင် တာဝန်ထမ်းဆောင်ကြတော့မည့် ရဲဘော်တို့သည် တပ်မတော်အရာရှိတစ်ဦးအဖြစ်သာမက ပျံသန်းရေးပိုင်းတွင် စိတ်ချယုံကြည် အားကိုး ရသည့် လေသူရဲကောင်းတစ်ဦးဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ထို့ကြောင့် မြေပြင် စည်းကမ်းပိုင်းများအပြင် ပျံသန်းရေး စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် အန္တရာယ်ကင်းသည့်ပျံသန်းမှုနှင့် စစ်ဆင်ရေး အသင့်ဖြစ်မှုတို့ကို ရရှိလာစေပြီး တပ်မတော်အတွက်အားထားရသည့် လေသူရဲ ကောင်းများ ဖြစ်လာမည်ဆိုသည်ကို အလေးအနက်ထား မှာကြားလိုကြောင်း ဖြင့် ပြောကြားသည်။


ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ဝေဟင်မှအုပ်ဖွဲ့ပျံသန်းအလေးပြုခဲ့ကြသည့် နည်းပြလေသူရဲများအား ဂုဏ်ပြုနှုတ် ဆက်ကာ ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ် လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်း ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် ကျောင်းဆင်းအရာရှိများနှင့် မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။


ယနေ့ လေသူရဲတောင်ပံအပ်နှင်းခြင်းခံရသူ ကျောင်းဆင်းအရာရှိများအနေဖြင့် သက်ဆိုင်ရာလေယာဉ်/ ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့်သင်တန်းများ ဆက်လက်တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)