MNP - အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက်လုပ်ငန်းဆောင် ရွက်နေမှုအား ယနေ့နံနက်(၈)နာရီအချိန်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှု အားပေးခဲ့သည်။
တိုင်းမှူးနှင့်အဖွဲ့သည် မြို့တွင်းလမ်းမကြီးများတွင် ဆောင်ရွက်လျက်ရှိသော ခြုံနွယ်များနှင့် အမှိုက်များ ရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာအလှမြက်များစိုက်ပျိုးခြင်း၊ အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းခင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများ တူးဖော်ခြင်းများ၊ မြို့တွင်း လမ်းများအဆင့်မြင့်တင်ဆောင်ရွက်ခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လို အပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် လားရှိုး တပ်နယ် မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများပါဝင်၍ မြို့သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment