e-Government စနစ်၏ အခြေခံအကျဆုံးတစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

e-Government စနစ်၏ အခြေခံအကျဆုံးတစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိ


MNP ၊ အောက်တိုဘာ ၂၉

နိုင်ငံတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြား သားများ စသည်တို့၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီးဂဏန်း ၁၀ လုံး ပါသည့် Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။


e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် e-ID စနစ်လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက e-ID စနစ်လုပ်ငန်းကော်မတီသည် ပြည်တွင်းနည်းပညာအကြံ ပေးအဖွဲ့ဝင်များ၊ ပြည်တွင်းနည်းပညာဆိုင်ရာပညာရှင်များဖြင့် ညှိနှိုင်းပေါင်းစပ်ကာ System Architecture Design၊ e-ID စနစ်ဆိုင်ရာစီမံချက် Master Plan ၊ နည်းဥပဒေနှင့် နိုင်ငံခြားသား အကြံပေးငှားရမ်းခြင်းဆိုင်ရာ TOR ရေးဆွဲအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်တွင်းမှ နည်းပညာရှင်များ၏ အကူအညီဖြင့် Software ရေးဆွဲကာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မိမိတို့ဌာန၏ မြို့နယ်ရုံးများရှိ နိုင်-၄ မှတ်တမ်း ၅၂ သန်းကျော်ကို e-ID Biographic Registration System အတွင်း ဖြည့်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ FRC ၊ PR ရရှိသူတို့၏ အချက်အလက်များကိုလည်း Database Server အတွင်းသို့ ဆက်လက်ထည့်သွင်းခဲ့ကြောင်း၊ ထို့ပြင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)၁၃ သန်းကျော်ကိုနိုင်-၄ Database Server မှတစ်ဆင့်ချိတ်ဆက်၍ Household Registration Software Program အတွင်းသို့ ထည့်သွင်းပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဆိုက်ဘာလုံခြုံရေးအစီအမံများ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချက်အလက်များ မှန်ကန်ပြည့်စုံတိကျစေရေးအတွက်လည်း နည်းပညာနှင့် မူဝါဒဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း။


ပထမအဆင့် e-ID စနစ်ဖြင့်ကောက်ယူမည့် ဦးတည်အုပ်စုများ လျာထားဆောင်ရွက်၍ လာမည့် နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project ဖြင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ပြီး e-ID စနစ်ဆောင်ရွက်မည့် နည်းပညာဆိုင်ရာ ပစ္စည်းများရရှိပါက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆက်လက်ကောက်ယူနိုင်ရေး အဆင့်ဆင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ e-ID စနစ် အောင်မြင်စွာဆောင်ရွက်နိုင်မှသာ လူတစ်ဦးချင်းစီ၏ မှန်ကန်သောအချက်အလက်များရရှိပြီး နိုင်ငံတော်၏ e-Government စနစ်နှင့် National Database စနစ်ကို အကောင်အထည်ဖော်ရာတွင် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် e-ID စနစ်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် အဘက်ဘက်မှသုံးသပ်ကာ ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်းကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီး မှ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် e-ID နည်းပညာဆိုင်ရာပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် တင်ဒါခေါ်ယူရာတွင် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍အကြံပြုဆွေးနွေးကြသည်။


ဆက်လက်၍ e-ID စနစ် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က တင်ဒါခေါ်ယူရေးနှင့် ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ဆပ်ကော်မတီအလိုက် ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်များကို ထပ်မံသုံးသပ်အကြံပြုဆွေးနွေး ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)