KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းချက်များ၊ ရာဇသတ်ကြီးပြဋ္ဌာန်းချက်ပါများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်၊ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းချက်များ၊ ရာဇသတ်ကြီးပြဋ္ဌာန်းချက်ပါများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်၊ တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်



နေပြည်တော် အောက်တိုဘာ  ၂

အမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုးအစား ATR-72(600)သည် ခရီးသည် ၆၃ ဦး  တင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့  စက်တင်ဘာ ၃၀ ရက်နေ့ ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ်ဆင်းသက်ခြင်း လုပ်ငန်းစဉ်များအတိုင်း လေယာဉ်ကွင်းသို့ချဉ်းကပ်ပျံသန်းစဉ် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက   လူမဆန်စွာရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ဘယ်ဘက်ဝမ်းဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင်  စီးနင်းလိုက်ပါလာသည့်ခရီးသည် တစ်ဦး၏  ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် တည်ဆဲဥပဒေများအပေါ် မျက်ဝါးထင်ထင်ချိုးဖောက်ကျူးလွန် ခဲ့သော်လည်း ၎င်းတို့၏ ကျူးလွန်မှုများကို ဖုံးဖိနိုင်ရေး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကြေညာချက်များ ထုတ်ပြန်၍ လိမ်လည်ဖုံးကွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယင်းသို့လိမ်လည်ဖုံးကွယ်လျက်ရှိသော်လည်း KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွှယ်သော အဖွဲ့အစည်းများက   ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမှုများအပေါ် တိုက်ရိုက်ခြိမ်းခြောက်သည့် ထုတ်ပြန်ချက်များကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားကြောင်းကိုလည်း အထောက်အထားများအရ တွေ့ရှိရသည်။


အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ   ၉ တွင်  မည်သူမဆိုလေယာဉ်ဝန်ဆောင်မှုပေးချိန်တွင် လေယာဉ်ပေါ်တွင် လေယာဉ်ဘေးကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေရန် လေယာဉ်ပေါ်ရှိသူတစ်ဦးဦးကို အတင်းအဓမ္မပြုလုပ်မှု၊ လေယာဉ်ကိုပျက်စီးစေရန်သော်လည်းကောင်း၊ လေယာဉ်ကိုပျံသန်းခြင်း မပြုနိုင်စေရန်သော် လည်းကောင်း၊   လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ် ဖြစ်စေရန် သော်လည်းကောင်း ဝန်ဆောင်မှုပေးနေသည့်လေယာဉ်ကို ပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ် လေယာဉ်ပျက်စီးစေနိုင်သည့် ပစ္စည်းကိရိယာ သို့မဟုတ်   အရာဝတ္ထုတစ်ခုခုကို    လေယာဉ်ပေါ်၌ချထားမှု သို့မဟုတ် ထားရှိစေမှု၊ လေယာဉ်ပျံသန်းစဉ် ဘေးအန္တရာယ်ဖြစ်စေရန် လေကြောင်းလမ်းညွှန်ဆိုင်ရာ အဆောက်အအုံစနစ်များနှင့် ဆက်သွယ်ရေးအသုံးအဆောင်ပစ္စည်းများကို ပျက်စီးမှု၊ ထိခိုက်ပျက်စီးစေမှု သို့မဟုတ်   လေကြောင်းလမ်းညွှန်ဆောင်ရွက်မှုကို ဝင်ရောက်နှောင့်ယှက်မှု၊   လေယာဉ်ပျံသန်းမှုအား ဘေးအန္တရာယ် ဖြစ်စေရန် မမှန်ကန်သော သတင်းအချက်အလက်များကို  သိလျက်နှင့်ဆက်သွယ်ပေးပို့မှုတို့ကို ကျူးလွန်လျှင်   မြို့ပြလေကြောင်းပျံသန်းရေးကို ဘေးအန္တရာယ်ဖြစ်စေသည့် ပြစ်မှုမြောက်ကြောင်း ဖော်ပြပါရှိသည်။


အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ အရ အထက်ဖော်ပြပါဥပဒေပုဒ်မ ၉ ပါ မြို့ပြလေကြောင်း ပျံသန်းရေးအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပြစ်မှုတစ်စုံတစ်ခုကို  ကျူးလွန်ပြုလုပ်မိပါက အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။ ပုဒ်မ ၄၉ တွင် အကြမ်းဖက်မှုတစ်ခုခုကိုကျူးလွန်ရာ၌ သူတစ်ဦးဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ သေစေလျှင် သို့မဟုတ် အပြင်းအထန်နာကျင်စေလျှင် ကျူးလွန်သူကို အနည်းဆုံးထောင်ဒဏ် (၁၀)နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်အထိဖြစ်စေချမှတ်ရမည်ဟု ဖော်ပြပါရှိသည်။  ထို့အပြင် နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ဖြစ်သော ရာဇသတ်ကြီးဥပဒေတွင်လည်း လူကို သေစေခြင်း သို့မဟုတ် နာကျင်စေခြင်း၊ ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း၊ ပျက်စီးစေခြင်း၊ ပျက်စီးခြင်းတို့အား ပြုလုပ်ပါက   ကျူးလွန်မှုအပေါ်မူတည်၍ ထိရောက်ပြင်းထန်သော ပြစ်ဒဏ်သတ်မှတ်ချက်များ ပြဋ္ဌာန်းပါရှိသည်။


ထို့ကြောင့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လေယာဉ်ဝန်ဆောင်မှုပေးနေချိန်တွင် ၎င်းတို့၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် ၏မျက်နှာအား   ထိမှန်ဒဏ်ရာရရှိစေခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၉ နှင့် ပုဒ်မ ၄၉ ကို ျူးလွန်ခြင်းသာမက ပုဒ်မ ၅၄ ကိုလည်း ကျူးလွန်ရာရောက်ကြောင်းတွေ့ရှိရသည်။


ထို့ပြင် KNPP နှင့် PDFအမည်ခံ အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်များနှင့် အရပ်သားပြည်သူများအား ထိုကဲ့သို့  အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရလည်း   စစ်ရာဇဝတ်မှု(War Crime) ကို ကျူးလွန်ခြင်းဖြစ်သည်။


ဂျီနီဗာကွန်ဗန်းရှင်း  (၄)ရပ်    (Four  Geneva Convention)ကို    အခြေခံသောလက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ(Law Of Armed Conflict) သို့မဟုတ်   အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေ   (International Humanitarian Law) တွင် မည်သည့်လက်နက်ကိုင် ပဋိပက္ခမျိုး (နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခ/နိုင်ငံတကာအရေးအခင်းမဟုတ်သော    လက်နက်ကိုင် ပဋိပက္ခ)တွင်   အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် ပြဋ္ဌာန်းထားရှိသည်။


အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေစည်းမျဉ်းများတွင်လည်း (နိုင်ငံတကာပဋိပက္ခ/နိုင်ငံတကာမဟုတ်သောပဋိပက္ခ) အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၁ အဖြစ် ပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့များသည် အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား အမြဲတစေခွဲခြားရမည်။ တိုက်ပွဲဝင်စစ်သည်များကိုသာ ဦးတည်တိုက်ခိုက်ရမည်။ အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်း မပြုရဟူ၍ လည်းကောင်း၊ စည်းမျဉ်း ၂ တွင် အရပ်သားလူထုအကြား အထိတ်တလန့်ဖြစ်စေရန် အဓိကရည်ရွယ်လုပ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များနှင့်  ခြိမ်းခြောက်မှုများအား တားမြစ်ကြောင်းဟူ၍လည်းကောင်း ဖော်ပြပါရှိသည်။ အရပ်ဘက်အဆောက်အအုံများနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအကြား ခွဲခြားခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း ၇ အဖြစ် ပဋိပက္ခတွင်ပါဝင်သော အဖွဲ့များသည်  အရပ်ဘက်အဆောက်အအုံများနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များအကြား အမြဲတစေခွဲခြားရမည်၊   စစ်ရေးဆိုင်ရာရည်မှန်းချက်ကိုသာလျှင် ဦးတည်တိုက်ခိုက်ရမည်၊ အရပ်ဘက်အဆောက်အအုံများကို ဦးတည်တိုက်ခိုက်ခြင်းမပြုရဟုဖော်ပြထားပြီး စည်းမျဉ်း ၁၁ တွင်လည်း တိကျသော စစ်ရေးဆိုင်ရာ ရည်မှန်းချက်ကို ဦးတည်တိုက်ခိုက်ခြင်းမရှိ ခွဲခြားခြင်း မရှိဘဲ သိမ်းကျုံးတိုက်ခိုက်ခြင်း (Indiscriminate attacks)အား တားမြစ်ထားကြောင်း ဖော်ပြပါရှိသည်။


KNPPနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ အရပ်ဘက်ဆိုင်ရာ လေယာဉ်၊ ပစ္စည်းများနှင့်  အရပ်သားများကို   ထိခိုက်အောင် တိုက်ခိုက်ခြင်းသည်   အထက်ပါအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း၊ ဂျီနီဗာကွန်ဗန်းရှင်း ၄ ရပ်ကို အခြေခံသောလက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ (Law Of  Armed Conflict) သို့မဟုတ်   အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေ   (International Humanitarian Law) အရလည်းကောင်း ကြီးလေးသောပြစ်မှုများကို  ချိုးဖောက်ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကျူးလွန်ခဲ့သူများကို    နိုင်ငံတော်၏တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေး လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)