- MyanmarNationalPost

MyanmarNationalPost

News Agency

Breaking











 

MNP ၊ အောက်တိုဘာ ၁၃

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်) တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။


ယခုနှစ်ကျင်းပသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များ၊ နည်းပြများ၊ အုပ်ချုပ်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင် လေ့ကျင့်ယှဉ်ပြိုင်နိုင်ရန် လုံခြုံရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များကို ပြည့်စုံစွာ စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြိုင်ပွဲကာလအတွင်း တည်းခိုနေထိုင်ရာမှ ပြိုင်ပွဲကျင်းပမည့်နေရာသို့ အချိန်မီပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ နေထိုင်သွားလာ စားသောက်နိုင်ရန်နှင့် နေ့စဉ်ဧည့်ခံကျွေးမွေးသည့် အစားအစာများတွင် အာဟာရပြည့်စုံပြီး ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် စီစဉ်ပေးခြင်း၊ ဆရာဝန်၊ ဆရာမများ၊ တိုင်းရင်းဆေးပညာရှင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် စီစဉ်ပေးခြင်း၊ ယာယီဆက်သွယ်ရေးစခန်းများ၊ သက်သာချောင်ချိရေးစားသောက်ဆိုင်များ ဖွင့်လှစ်၍ လူသုံးကုန်ပစ္စည်းများနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆာပြေအစားအစာများ ဝယ်ယူစားသုံးနိုင်ရန် စီမံပေးခြင်းတို့ကို ဆောင်ရွက်ထားကြောင်းနှင့် လာရောက်ကြည့်ရှုအားပေးကြမည့် ဧည့်ပရိသတ်များအတွက်ပါ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို ပြင်ဆင်ထားကြောင်း သိရသည်။


ယနေ့တွင် “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိန်ကြယ်ညီးလင်း” (မွန်) ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇမ္ဗူကျွန်းလုံး” (သီချင်းခံ) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “စက်လဲဘုံဘွေ” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ပြိုင်ပွဲဝင်က “နှင်းယွန်းဂိမှာန်” (မွန်) ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပန်းမြိုင်လယ်” (ယိုးဒယား)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အာကာတစ်ခို” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သည်ဆောင်းဟေမာန်” (ဘွဲ့) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ရွှေပစ္စုန်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ရွှန်းရွှန်းမြ” (သီချင်းခံ) ဖြင့်လည်းကောင်း သာယာငြိမ့်ညောင်းသည့် မြန်မာ့ဂီတရသကို ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။


“ကာလပေါ်” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂီတရေစီးကြောင်း”  သီချင်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “နီးအောင်ပင်လှမ်း”  သီချင်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သုံးရွှေ့လယ်” သီချင်းဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဂီတအခြေခံ”  သီချင်းဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ချစ်မိုးကြီး” သီချင်းဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သံယောဇဉ်” သီချင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဆယ့်နှစ်လရာသီ”  သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မျိုးချစ်စိတ်” သီချင်းဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မိုးကြိုတေးအလှ နယုန်လ”  သီချင်းဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အမှတ်မထင်” သီချင်းဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အမတမျိုးစေ့” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင် ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သူရကန် အရောင်မှိတ်သော်လည်း”  သီချင်းဖြင့်လည်းကောင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “လမြတ်တန်ဆောင်” သီချင်းဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကိုယ့်အမျိုးကို ကိုယ်ချစ်”  သီချင်းဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြပုဏ္ဏမာ” သီချင်းဖြင့်လည်းကောင်း ဖော်ကျူးသီဆိုယှဉ်ပြိုင်ကြသည်။


အကပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့် ရေးဇာတ်ရုံနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall တို့၌ ကျင်းပရာ “ငါးပါဒအက္ခရာ” ဇာတ်တော်ကြီး ရုပ်စုံသဘင်အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဇေယျာသီရိရုပ်စုံသဘင်အဖွဲ့က လည်းကောင်း၊ “ရာမာယဏ” ဇာတ်တော်ကြီး ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု သဘင်အဖွဲ့ကလည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားအကပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ကျူးသည့် စကားပြောများ၊ အကအလှများဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးအကပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ်များ အသုံးပြု၍ ငြိမ့်ညောင်းသည့် ကကွက်များဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးအကပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာအသုံးပြု၍ ကကြိုးကကွက်စုံလင်စွာဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။


အရေးပြိုင်ပွဲ၏ သီချင်းသံစဉ် ကိုက်ညှိလေ့ကျင့်ခြင်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “အားမာန်သစ်တည် ရှေ့သို့ချီ”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေရိုးရာအမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရသစုံလင်စွာ သံစဉ်ထည့်သွင်း လေ့ကျင့်သီဆိုကြသည်။


ဆိုင်းအဖွဲ့အလိုက် အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်း ရာဇာခန်းမ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အဖွဲ့ကလည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အဖွဲ့ကလည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အဖွဲ့များကလည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။


ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေး ဇာတ်ရုံ)၌ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး နှင့်ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရှစ်စုံရွက်ကြာ” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “တောနှင့်တောင်စွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဇေယျာမြို့”  (ကြိုး)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “လာချေပြီ” (ကြိုး) ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြမန်းဂီရိ”(ယိုးဒယား)ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ခေါ်ပါယောင်ဝတ်တော်ရုံ” (ဝတ်တော်ရုံဘွဲ့) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဆန်းနွေဦး” (ယိုးဒယား)ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သီလာမြေယံ” (ကြိုး)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ခေါ်ပါယောင်ဝတ်တော်ရုံ” (ဝတ်တော်ရုံဘွဲ့) ဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။


ပတ္တလားအတီးပြိုင်ပွဲကို နေပြည်တော်ရှိ အမျိုးသားပြတိုက် Mini Theatre ၌ ဝါသနာရှင် အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များက “ချစ်သမျှကို” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဇမ္ဗူကျွန်းလုံး” (သီချင်းခံ)ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များက “ထောင်ရောင်နေကသာ” (သီချင်းခံ) ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “ဖော်ကွာဝေး” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သိင်္ဂါရွှေရောင်” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ချစ်သမျှကို” (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အတိုင်းမသိမင်္ဂလာ” (ဘွဲ့) ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပြောင်ပြောင်နာဂိန်” (ကြိုး)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “လူမနော” (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များက “ဖြေလျှော့ဖွေ” (ပတ်ပျိုး) ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “စိမ်းလဲ့လဲ့ညိုပြာ” (ကြိုး)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “တောနှင့်တောင်စွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။


မယ်ဒလင် အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇမ္ဗူရောင်ကွန့်” (ဘွဲ့)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သုံးရောင်ခြယ်” (ကာလပေါ်)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မြူဝန်းလို့ခို” (ပတ်ပျိုး)ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇမ္ဗူရောင်ကွန့်” (ဘွဲ့) ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သုံးရောင်ခြယ်” (ကာလပေါ်) ဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှိုင်းရိပ်ကယ်တည့်ဝေမှောင်” (ကြိုး)ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သီရိရတနာ” (ကာလပေါ်) ဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကုဏ္ဍလာအိုင်” (ယိုးဒယား)ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြသည်။


ယနေ့ပြိုင်ပွဲများကျင်းပရာ နေရာအသီးသီးသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အရေး ပြိုင်ပွဲတွင် အခြေခံပညာဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့် အဆင့်မြင့်ပညာအဆင့် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများ၌ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲဝင်ချိန်တွင် မဲနှိုက်ကြရပြီး မဲကျသည့် သတ်မှတ်ခေါင်းစဉ်အတိုင်း ရေးသားယှဉ်ပြိုင်လျက်ရှိသည်။


အတီးပြိုင်ပွဲများတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းအနေဖြင့် စောင်း၊ စန္ဒရား၊ ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ ဆိုင်းတို့ကို မဲကျရာသီးချင်းများနှင့် တီးမှုတ် ယှဉ်ပြိုင်ကြရပြီး အိုးစည်၊ ဒိုးပတ်နှင့် ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲများတွင် သတ်မှတ်အချိန် အတိုင်းအတာအတွင်း ယှဉ်ပြိုင်ကြရကြောင်း၊ အိုးစည်၊ ဒိုးပတ်ပြိုင်ပွဲများကို ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)အဆင့်တို့သာ ယှဉ်ပြိုင်ကြရပြီး ကျန်အတီးပြိုင်ပွဲများကို အဆင့်အားလုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)