PDF အကြမ်းဖက်သမားများအား အနူးအညွတ် မေတ္တာရပ်ခံခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများအား အနူးအညွတ် မေတ္တာရပ်ခံခြင်း



အယ်ဒီတာအာဘော်


NLD ပါတီကို ထောက်ခံအားပေးကြသော ပြည်သူများခင်ဗျာ -

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ နိုင်ငံအနှံ့ ဆူပူဆန္ဒပြမှုများမှသည် NLD ဦးဆောင်သူများ ဖွဲ့စည်းသော CRPH, NUG ဟူသော တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည့် ဆူပူအကြမ်းဖက်လှုံ့ဆော်သည့် အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ NLD ဦးဆောင်သူတို့၏ လှုံ့ဆော်မှုဖြင့် NLD ကို ထောက်ခံအားပေးသော ပြည်သူများက PDF ဟူသော အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ကြသည်။

CRPH, NUG အဖွဲ့များသည် ပြည်တွင်း၊ ပြည်ပမှ ငွေကြေး၊ လက်နက် အထောက်အပံ့များ ရရှိအောင် ကြိုးပမ်းခဲ့ကြပြီး PDF အဖွဲ့ဝင်များကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ စေလွှတ်၍ အကြမ်းဖက်သင်တန်း တက်ရောက်စေခြင်း၊ မြို့ကြီးများတွင် ဖောက်ခွဲတိုက်ခိုက်၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်စေခြင်းအားဖြင့် အကြမ်းဖက်လုပ်ရပ်များ စတင်လုပ်ဆောင်ခဲ့ကြသည်။

CRPH, NUG အဖွဲ့ဝင်များမှ မြန်မာ-ထိုင်း နယ်စပ်မှတဆင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများကို လူမှုကွန်ရက်စာမျက်နှာများမှ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့၏ လှုံ့ဆော်မှုနှင့်အတူ PDF အဖွဲ့ဝင်များက တစ်နှစ်နှင့် ရှစ်လကြာ ကာလအတွင်း ဆူပူအကြမ်းဖက် လှုပ်ရှားမှုများ ကျူးလွန်ခဲ့ကြရာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၄၀၀၀)ခန့်ကို ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ ပျမ်းမျှအားဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ယနေ့အချိန်အထိ NLD ဦးဆောင်သူများ ဖွဲ့စည်းထားသော CRPH, NUG အဖွဲ့ဝင်များ၏ လှုံ့ဆော်မှုဖြင့် PDF အကြမ်းဖက်အဖွဲ့များက နေ့စဉ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၆) ဦး နှုန်းဖြင့် လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရပါသည်။

PDF အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်ကို သုံးသပ်မိကြလိမ့်မည်ဟု ယုံကြည်ပါသည်။

NLD ပါတီကို ထောက်ခံအားပေးပြီး NLD ပါတီကို အာဏာရစေလိုသော မိဘပြည်သူများခင်ဗျာ 

တပ်မတော်က တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခြင်း မပြုမီကတည်းက NLD ပါတီက ကျူးလွန်ခဲ့သော မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ရန် အကြိမ်ကြိမ် တိုက်တွန်းတောင်းဆိုခဲ့ပြီး ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ကို အတိအလင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှ စ၍ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သော မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကြီး ၃ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၂ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် မဲသမာမှု ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်များကို တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းအားဖြင့် ပြေလည်မှုရစေခဲ့ပါသည်။ ဥပဒေစိုးမိုးရေးကို အလေးထားသည်ဆိုလျှင် NLD ပါတီအနေဖြင့်လည်း တာဝန်ယူ၊ တာဝန်ခံ၍ ပေါ်ပေါက်လာသည့် ပြဿနာများကို ဖြေရှင်းရမည်သာ ဖြစ်ပါသည်။ မဲသမာမှုဖြစ်စဉ်များအတွက် တိုင်ကြားမှုများ၊ ပြည်သူတို့၏ တောင်းဆိုမှုများကို မျက်ကွယ်ပြု၍ တိုင်းပြည်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန် ကြိုးပမ်းသည့်အခြေအနေကို ရောက်ရှိလာခြင်းကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ကို အတိအလင်း ကြေညာခဲ့ပါသည်။

NLD ထောက်ခံသူ ပြည်သူများအနေဖြင့် အကြောင်း၊ အကျိုး တိကျသေချာစွာ ချပြရှင်းလင်းမှုများကို နှိုင်းယှဉ်သုံးသပ်ခြင်း မရှိဘဲ NLD ဦးဆောင်သူများနှင့် ၎င်းတို့၏ မီဒီယာများမှ လုပ်ကြံဖန်တီးဖော်ပြမှုကိုသာ နားယောင်ကာ ၎င်းတို့ခေါ်ဆောင်ရာနောက်သို့ တစ်ဖက်ပိတ်အမြင်ဖြင့် လိုက်ပါခဲ့ကြရာမှ အကြမ်းဖက်လမ်းစဉ်ပေါ်သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ 

တပ်မတော်အနေဖြင့် PDF အကြမ်းဖက်သမားများအား ပြတ်ပြတ်သားသားနှိမ်နင်းမှုမပြုခြင်းနှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လျက်ရှိသော်လည်း PDF က အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေခြင်းကြောင့် PDF အကြမ်းဖက်သမားများကို သုတ်သင်ခြေမှုန်းပြန်လျှင်လည်း PDF အကြမ်းဖက်အဖွဲ့ဝင်များသည် မိမိတို့ နိုင်ငံသားများဖြစ်နေခြင်းကြောင့် တိုင်းပြည်အတွက် နစ်နာမှုပင်ဖြစ်စေသည်။ 

တပ်မတော်အနေဖြင့် NLD ဦးဆောင်သူများ၏ လှုံ့ဆော်မှုများကြောင့် ပေါ်ပေါက်လာသော ဆူပူအကြမ်းဖက်မှုများကို အနည်းဆုံးအင်အားဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရင်း PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်မှုများမှာ အရှိန်အဟုန်မြင့်လာပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံရမှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာပေသည်။


PDF အဖွဲ့ဝင်များခင်ဗျာ -

မိမိတို့ ယုံကြည်ထောက်ခံသော အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ အာဏာရစေခြင်းငှာ တော်လှန်ရေးဟုခေါင်းစဉ်တပ်၍ လှုပ်ရှားဆောင်ရွက်ခဲ့ရာမှ အကြမ်းဖက်လမ်းစဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်ကို PDF အဖွဲ့ဝင်များအနေဖြင့်လည်း မှန်ကန်စွာ သုံးသပ်မိကြလိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အစိုးရကို မကျေနပ်သဖြင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိခဲ့ပါသည်။ ထိုသို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် PDF အဖွဲ့ဝင်များကဲ့သို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းမရှိသည်ကို သုံးသပ်မိကြပေလိမ့်မည်။ 

တော်လှန်ရေးလုပ်ခြင်းသည်လည်း ပြည်သူတို့၏ အကျိုးငှာ နိုင်ငံအရေးကို ဆောင်ရွက်လိုခြင်းကြောင့်သာဖြစ်ပြီး ပြည်သူ့ကို အကျိုးကို ရှေးရှုခြင်းဖြစ်သဖြင့် ပြည်သူများအားပစ်မှတ်ထား တိုက်ခိုက်သော လုပ်ရပ်မျိုးကို မည်သို့သော အကြောင်းနှင့်မျှ လုပ်ဆောင်ရန်မသင့်ပါ။ ပြည်သူ့ဘက်ကို ပြောင်းဝမလှည့်ရ ဟူသော တော်လှန်ရေးကျင့်ဝတ်စည်းကမ်းကို လိုက်နာဆောင်ရွက်သည့် တော်လှန်ရေးအဖွဲ့အစည်းများကို ပြည်သူများအနေဖြင့် မုန်းတီးခြင်း မရှိပါ။ 

ယခုအခါ CRPH, NUG ၏ လှုံ့ဆော်မှုများဖြင့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ် သန္ဓေတည်ခဲ့သော PDF အဖွဲ့များ၏ လုပ်ရပ်များမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကပင် လက်မခံနိုင်သည့် လုပ်ရပ်များဖြစ်လာပါသည်။ သမိုင်းမှတ်တမ်းတွင် NLD ဦးဆောင်သူများ၏ လှုံ့ဆော်မှုဖြင့် PDF အဖွဲ့ဝင်များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ (၄၀၀၀)ကျော် ကို ၂၀၂၁-၂၀၂၂ ကာလအတွင်းမှာတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည် ဟု ကဗျည်းမော်ကွန်းထိုးရသည်မှာ လွန်စွာအကျည်းတန်လှပါသည်။ ဆက်လက်၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်နေကြဦးမည်ဆိုလျှင် ပို၍ ပို၍ အော့နှလုံးနာစရာကောင်းသော မှတ်တမ်းများသာ ဖြစ်လာပါလိမ့်မည်။ PDF အဖွဲ့ဝင်များ အနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား၍ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေမှုများကို ဆက်လက်လုပ်ဆောင်ခြင်း မပြုကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။


Myanmar National Post

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)