မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေနံချောင်းမြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားကုန် (၅) မျိုး ထောက်ပံ့ပွဲသို့တက်ရောက်၊ ရေနံချောင်းတက္ကသိုလ် (၁၉၂၃၈) ပေ၊ Three Storyed (RCC) (၃) ထပ်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ရေနံချောင်းမြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံစားကုန် (၅) မျိုး ထောက်ပံ့ပွဲသို့တက်ရောက်၊ ရေနံချောင်းတက္ကသိုလ် (၁၉၂၃၈) ပေ၊ Three Storyed (RCC) (၃) ထပ်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

 



MNP - အောက်တိုဘာ ၁၂


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံလူတန်းစားပြည်သူများ၏ စားဝတ်နေရေး အထိုက်အလျောက် ပြေလည်စေရန်ရည်ရွယ်၍ ရေနံချောင်းမြို့ပေါ်ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံစားကုန်(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ စားဝတ်နေရေး ပြေလည်စေရန်အတွက် သက်သာချောင်ချိရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များကလည်း အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေး အထိုက်အလျောက် ပြေလည်စေရန်ရည်ရွယ်ပြီး အခြေခံစားကုန်များ ကို အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ရေနံချောင်းမြို့နယ် အတွင်းရှိ အိမ်ထောင်စုပေါင်း(၅၀၀)အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံဖြင့် အခြေခံစားကုန် (၅) မျိုးဖြစ်သည့် (ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်) တို့ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ စားသောက်ကုန်ရရှိသည့် အိမ်ထောင်စုများအနေဖြင့် များပြားသည့်ပမာဏအဟုတ်ပေမဲ့ ထိုက်သင့်သည့် အကူအညီတစ်ခုတော့ ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ရေနံချောင်းမြို့နယ်သည် စိုက်ပျိုးရေးဖြစ်ထွန်းသည့်အပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့တို့ကိုလည်း ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် စီးပွားရေးအရ အချက်အခြာကျသည့်မြို့၊ တိုင်းမြို့တော်နှင့်နီးပြီး လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့်မြို့၊ အဲဒီလိုကောင်းမွန်တဲ့ အခြေခံတွေကိုမူတည်ပြီးတော့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးခေါင်ရေရှားဒေသဖြစ်ခြင်းကြောင့် ရေရရှိရေးလုပ်ငန်းများကိုလည်း အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် အလျဉ်းသင့်သလို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုးနည်းတူစွာ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍစသည့် နိုင်ငံတော်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခြေခံပညာကျောင်းများ၊ ရေနံချောင်းတက္ကသိုလ်လို အဆင့်မြင့်ပညာကျောင်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတည်ရှိပြီး ရေခံမြေခံ ကောင်းမွန်တယ်လို့ ယူဆရမှာဖြစ်ပါကြောင်း၊ လက်ရှိ ရှိပြီးဖြစ်သည့် စက်မှုဇုံလိုနေရာမျိုးကိုလည်း ယခုထက်ဖွံ့ဖြိုးတိုးတက်အောင် အသေးစားအလတ်စား စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် လိုအပ်သလို ကြီးကြပ်ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း အများပြည်သူ စားဝတ်နေရေး အဆင်ပြေချော့မွေ့စေရန် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိတာဖြစ်သည့်အတွက် တစ်ဖက်မှ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးစေရေး ဘက်စုံဆောင်ရွက်နေသလို တစ်ဖက်ကလည်း မိမိမိသားစု တစ်စုချင်းကလည်း ခြိုးခြံချွေတာပြီး စီးပွားရေးခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ကြရမှာဖြစ် ကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိ သူတို့က အခြေခံစားကုန် (၅) မျိုးဖြစ်သည့် (ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်) တို့ကို အခြေခံ လူတန်းစားပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။


အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ချောက်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစန်းဝင်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အခြေခံလူတန်းစားပြည်သူများ တက်ရောက်ခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံချောင်းတက္ကသိုလ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ကျပ် (၇၇၀.၃၃၆) သန်းဖြင့် တည်ဆောက်လျက်ရှိသည့် (၁၉၂၃၈) ပေ၊ Three Storyed (RCC) (၃) ထပ်သင်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းသို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့် Shwe Beikman Co.,Ltd မှ တာဝန်ရှိသူများနှင့် ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ ချိုချိုမြင့်တို့မှ (၃)ထပ်သင်ကျောင်းဆောင် တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံနှုန်းများနှင့်အညီ လုပ်ငန်းအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ကာလအချိန်မီပြီးစီးရေးနှင့် အခြားလိုအပ်သည်များ ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)