USDP ၏ ရှေ့ခရီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

USDP ၏ ရှေ့ခရီး




၂၀၁၀ ဒီမိုကရေစီခေတ်ပြောင်းမှာ အမှတ်ရစရာတွေ အများကြီး ရှိခဲ့ပါတယ်။ အထူးသဖြင့်တော့ ကိုယ်တိုင် နိုင်ငံရေးမှာ ပါဝင်ဖို့ ခြေလှမ်းစတင်ခဲ့တာ ၂၀၁၀ ပါပဲ။ ၂၀၁၀ မရောက်မီ အခြေအနေမှာတော့ ကျွန်တော်လည်း ယနေ့ အခေါ်အားဖြင့် ပြည်ပြေးတွေနဲ့ အွန်လိုင်းကနေ သိကျွမ်းခင်မင်ပြီး NLD ပိုး ဝင်ခဲ့တယ်လို့ ဝန်ခံရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကို လိုက်လံစည်းရုံးပြီး NLD ထဲ ဝင်ကြဖို့အထိ လုပ်ခဲ့ဖူးပါတယ်။

နိုင်ငံရေးရဲ့ သဘောကို နားမလည်တဲ့အခါကြတော့ နိုင်ငံရေးဆိုတာ NLD ၊ ဒီမိုကရေစီ နဲ့ ဒေါ်စု ကို ရောထွေးပြီး မြင်မိတာပါပဲ။ ယနေ့ခေတ် ပြည်သူအများ မှိုင်းမိခဲ့သလိုပဲ ကျွန်တော်သည်လည်း တပ်မတော် မုန်းတီးရေး၊ USDP ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ဖူးသူ တစ်ယောက်ပါပဲ။

နိုင်ငံရေးထဲကို တိုးဝင်ဖို့မလွယ်တဲ့အတွက်ကြောင့် မီဒီယာကဏ္ဍကနေ နိုင်ငံရေးလုပ်တယ်ဆိုရင်လည်း မမှားပါဘူး။ တချို့က ပြောကြပါတယ်။ အမျိုးသားရေးဟာ နိုင်ငံရေးနဲ့မဆိုင်ဘူး။ မီဒီယာက နိုင်ငံရေးအရောင်အသွေး ကင်းရမယ်။ ဒီစကားတွေကလည်း မပြည့်စုံပါဘူး။ ကျွန်တော်ကတော့ အရာအားလုံး နိုင်ငံရေးနဲ့ဆိုင်တယ်ဆိုတဲ့ အတွေးရှိသူပါ။ ကျွန်တော် မီဒီယာလုပ်နေတာလည်း နိုင်ငံရေးလုပ်နေခြင်းပါပဲ။ ကျွန်တော် အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာဟာလည်း နိုင်ငံရေးလုပ်ခြင်းပါပဲ။

၂၀၁၀ မှ ၂၀၂၂ ကာလ အမှတ်ရစရာတွေထဲက အဓိကအကြောင်းတွေကို ပြန်ပြောရင် -

ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြန်လည်အရေးဆိုလှုပ်ရှားလာတဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုတွေမှာ ဦးနေမျိုးဝေ၊ ကိုအောင်မျိုးဦး တို့နဲ့အတူ လယ်သမားတွေအတွက် ရပ်တည်ဆောင်ရွက်ခဲ့ပါတယ်။ လယ်ယာမြေသိမ်းဆည်းသူများထဲမှာ ဦးခင်ရွှေတို့ ပါခဲ့ပါတယ်။ ဦးနေမျိုးဝေ အစစွဲထုတ်ခဲ့တဲ့ကိစ္စကလည်း မင်္ဂလာဒုံမြို့နယ်ထဲက ဦးခင်ရွှေနဲ့ မွန်လယ်သမားများ ကိစ္စကနေ စပြီး ပွက်လောရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ကိုယ်က မနူးမနပ် သတင်းသမားပဲ ရှိပါသေးတယ်။ ဦးနေမျိုးဝေနဲ့အတူ လယ်သမားတွေနဲ့ တွေ့ပြီး ပြန်လာတဲ့အခါကြတော့ ဦးနေမျိုးဝေ က "လယ်သမားတွေရဲ့ ဆိုလိုရင်းနဲ့ မင်းရေးမယ့် အာဘော်ကို ငါ့ကို ဆွေးနွေးပြစမ်းပါ" တဲ့။ လယ်ယာမြေတွေ ရယူပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်တာကို အပြစ်မမြင်ဘူး။ လယ်သမားတွေကို တန်ရာတန်ကြေးမပေးဘဲ ရာထူးအာဏာတွေနဲ့ ခြိမ်းခြောက်ပြီး ပေးသလောက်နဲ့ ကျေနပ်ရမယ်လို့ ဖိအားပေးခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ပေါ်လွင်အောင် ရေးသားဖို့ ပြန်လည်ဆွေးနွေးရင်း သူကလည်း လိုအပ်တဲ့ အချက်တွေ အကြံပြုခဲ့ပါတယ်။

အဲဒီက စလို့ ခရိုနီကြီး၊ ခရိုနီလေးတွေရဲ့ လယ်ယာမြေသိမ်းဆည်းရယူမှုတွေ၊ စက်မှုဇုန်မျာ မြေတွေယူထားပြီး ဥပဒေနဲ့အညီ အကောင်အထည်မဖော်တာတွေ ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာ ဖော်ထုတ်ခဲ့သလို ပြင်ဦးလွင်၊ နောင်ချိုအထိ လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် နစ်နာရသူတွေအတွက် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ဖူးပါတယ်။

အဲဒီလို လုပ်ခြင်းဟာ မီဒီယာအလုပ်ကို လုပ်နေတာ ဖြစ်သလို မိမိတို့နိုင်ငံမှာ တရားမဲ့(ဥပဒေမဲ့) လုပ်ချင်ရာ လုပ်တဲ့ ဝိသမလောဘသားတွေကြောင့် နိုင်ငံသူ၊ နိုင်ငံသားတွေ နစ်နာနေရတာတွေကို မိမိစွမ်းဆောင်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို လုပ်ခြင်းဟာ USDP ကို တိုက်ခိုက်ခြင်းမဟုတ်ပါဘူး။ နစ်နာသူတွေကို ဥပဒေနဲ့အညီ အခွင့်အရေးရစေလိုခြင်း အရင်းခံပဲ ဖြစ်ပါတယ်။

လယ်ယာမြေသိမ်းဆည်းရယူထားသူတွေက ဝိတ်ကြီးတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့်တော့ နိုင်ငံရေးအတိုက်အခံတွေရဲ့ အားနဲ့ တွန်းရင် ပိုပြီး အလေးထားမယ်လို့ စဉ်းစားခဲ့ရတာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရေးသားဖော်ထုတ် တင်ပြမှုတွေကို NLD အနေနဲ့များ ပါဝင်ရပ်တည်ဆောင်ရွက်လေမလားလို့ ဦးနေမျိုးဝေ ကိုယ်တိုင် စာအုပ်တွေ ပို့ပေးခဲ့ပါတယ်။ သူတို့က အာဏာရ ပါတီမဟုတ်လို့ လုပ်မပေးနိုင်သေးပါဘူးဆိုတဲ့ စကားထွက်လာကတည်းက NLD ဆိုတာကို ခေါင်းထဲမှာ မရှိတော့ပါဘူး။ 

နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသားတွေအကျိုးအတွက် ကိုယ်စွမ်းနိုင်တဲ့ အလုပ်ကို လုပ်ခြင်းပဲလို့ တွေးပြီး ကိုယ်လုပ်နိုင်တဲ့ အလုပ်ကိုပဲ လုပ်ပါတော့တယ်။

လယ်ယာမြေသိမ်းဆည်းခံရမှုတွေ လိုက်ပါဖော်ထုတ်ရေးသားနေရာကနေ အမျိုးသားရေးလှုပ်ရှားမှုပေါ်ပေါက်လာတဲ့အခါမှာလည်း ဗေထိဆိုကတည်းက ပါခဲ့ပြန်ပါတယ်။ ဦးနေမျိုးဝေ၊ ကိုအောင်မျိုးဦးတို့နဲ့ အတူဆောင်ရွက်နေစဉ်မှာကတည်းက ရခိုင်ပြဿနာဟာ တဖြည်းဖြည်းကြီးထွားလာတော့မယ်။ အမျိုးသားရေးလှုပ်ရှားမှုမှာတော့ ကိုယ့်အာရုံနဲ့ ကိုယ်ပါပဲ။ ရန်ကုန်မြို့ပေါ်မှာ ဟိုကောင်တွေ ဘာလုပ်မယ်၊ ညာလုပ်မယ် သတင်းတွေကြားရင် မနေနိုင်တော့ဘဲ ဘယ်ကောင်ဘာလုပ်မှာလဲ စနင်းနာရင်း အမျိုးသားရေးဘက်ကို ရောက်လာခဲ့ပါတယ်။ 

ပထမဆုံး အမျိုးသားရေးလှုပ်ရှားသူ ဆရာတော်တစ်ပါးနဲ့ တွေ့လိုက်ရတာကတော့ ရန်ကုန်မြို့တော်ခန်းမဘေးမှာပါ။ ဘင်္ဂလီတွေက ဆန္ဒပြမယ်လို့ သတင်းထွက်နေလို့ ကိုအောင်မျိုးဦးနဲ့ ကျွန်တော် လာရောက်စောင့်ကြည့်နေတဲ့ အချိန်မှာ ဦးသုစိတ္တ နဲ့ စတင်ဆုံစည်းပြီး ဆရာတော် ဝေတဲ့ အမျိုးသားရေးအသိနိုးကြားစေဖို့ လက်ကမ်းကြော်ငြာစာတွေ ရရှိခဲ့ပါတယ်။ နောက်ပိုင်း အမျိုးသားရေးလှုပ်ရှားမှုအကြောင်း ပြန်လည်ပြောဆိုကြတော့မှသာ အဲဒီနေ့က ဆရာတော် မြို့တော်ခန်းမဘေးမှာ လှုပ်ရှားတာ ဆရာတော်ဦးသုစိတ္တဖြစ်ကြောင်း ပြန်လည်သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။

အနှစ်ချုပ်ပြီး ပြောရရင် ဒီမိုကရေစီခရီးအစ လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ကူညီဆောင်ရွက်ပေးဖို့ကိုလည်း NLD က မျက်နှာလွှဲခဲ့သလို အမျိုးသားရေးလှုပ်ရှားမှု ပေါ်ပေါက်လာတဲ့အခါမှာလည်း အမျိုးသားရေးလှုပ်ရှားသူတွေကို အစွန်းရောက်တံဆိပ် ကပ်ခဲ့တာလည်း NLD ပဲ ဆိုတာတော့ မေ့ကြလိမ့်မယ် မထင်ပါဘူး။

အမျိုးသားရေးလှုပ်ရှားမှုနဲ့အတူ အမျိုးသားရေးအသိပညာပေးလုပ်ငန်းတွေ နယ်လှည့်ဆောင်ရွက်ခဲ့ကြတဲ့အချိန်မှာ လက်တွဲခွင့် ရခဲ့တာတော့ USDP ပါတီဝင်တွေပဲ ဖြစ်ပါတယ်။ USDP ပါတီရုံးချုပ် သတင်းစာရှင်းလင်းပွဲသွားရင်း ပွင့်ဖြူက အကိုတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။ ပွင့်ဖြူမြို့မှာ အမျိုးသားရေးအသိပညာပေးဟောပြောပွဲ သူတို့ စီစဉ်ပေးခဲ့တယ်။ ကျွန်တော်တို့ သွားရောက်ဆောင်ရွက်ခဲ့တယ်။ အလားတူပဲ မုံရွာ၊ ချောင်းဦး၊ ဆားလင်းကြီး၊ ပခုက္ကူ၊ မကွေး တို့မှာ လုပ်ခဲ့တဲ့ အမျိုးသားရေးအသိပညာပေး ဟောပြောပွဲတွေမှာ နယ်မြေခံ စီစဉ်ဆောင်ရွက် ကူညီပေးကြသူတွေဟာ USDP ပါတီဝင်တွေချည်းပဲ ဖြစ်ပါတယ်။

နိုင်ငံ့အရေးမှာ NLD ရဲ့ ရပ်တည်ချက်ကို သိလာပြီဖြစ်လို့ NLD ဟာ အာဏာရရေးသာ ဦးတည်ပြီး တိုင်းတပါးသားတွေ အလိုကျ ဆောင်ရွက်လာတာတွေဟာ ထင်ရှားလာတဲ့အတွက်ကြောင့် အမျိုးသားရေးမှာ ရည်ရွယ်ချက်တူ၊ ယုံကြည်ချက်တူရင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်နဲ့မဆို လက်တွဲမယ်လို့ ကျွန်တော်တို့အဖွဲ့ရဲ့  ဖွဲ့စည်းပုံစည်းမျဉ်းမှာ အတိအလင်း ရေးသားထားပါတယ်။

တစ်ဖက်မှာ USDP ပါတီဝင်တွေနဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေ တွဲပြီး လုပ်ဆောင်နေသလို USDP ပါတီကနေ လွှတ်တော်ထဲ ရောက်လာတဲ့ ဘင်္ဂလီရွှေမောင် ပါ (၃)ဦး ဟာ NLD တွေနဲ့ လက်တွဲပြီး လူမျိုးလိမ်အရေးလှုပ်ရှားလာတဲ့အခါမှာ အမျိုးသားရေးကို ရှေးရှုတယ်ဆိုရင် USDP ကနေ ဘင်္ဂလီရွှေမောင်းပါ (၃)ဦးကို ထုတ်ပယ်ပေးဖို့ ဆန္ဒပြပွဲမှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားသူ အင်အားဟာ အနည်းငယ်သာ ဆိုပေမယ့် ထောက်ပြဝေဖန် ပြောဆိုမှုတွေကို အလေးထားပြီး ရွှေမောင်တို့ ကို ထုတ်ပယ်ပစ်ခဲ့ပါတယ်။

NLD အာဏာရပါတီ ဖြစ်လာချိန်မှာတော့ အမျိုးသားရေးလှုပ်ရှားမှုဟာ အရေးနိမ့်သွားခဲ့ပါပြီ။ ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် USDP ဟာ အမျိုးသားရေးဘက်မှာ ရှိနေသလား၊ NLD ပါတီဟာ အမျိုးသားရေးဘက်မှာ ရှိနေသလား ဆိုတာ သိသာ ထင်ရှားသွားပါပြီ။

နိုင်ငံရေးဆိုတာ နိုင်ငံသူနိုင်ငံသား (တိုင်းရင်းသားပြည်သူတွေ) ရဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို လိုလားလို့ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် နိုင်ငံရေးသမားဖြစ်လာပြီဆိုကတည်းက အမျိုးသားရေးအခြေခံအကြောင်းတရားက ပါလာပြီးသားပဲ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံသူ နိုင်ငံသားတွေရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမယ့် နိုင်ငံရေးသမားများအနေနဲ့ အမျိုးသားရေးကို တိုက်ခိုက်လာပြီဆိုရင်တော့ သူတို့တွေဟာ ကျွန်သဘောက်တွေ ဖြစ်နေပြီဆိုတာကို သဘောပေါက်သင့်ပါတယ်။

၂၀၂၀-၂၀၂၁ ကာလ ဟာ အာဏာငမ်းဖမ်းနေတဲ့ နီပိန်းတွေ မြိုင်ထတဲ့အချိန် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မသမာတဲ့နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားရင်းက မြောင်းထဲရောက်သွားကြရတယ်။ မြောင်းထဲရောင်သွားပြန်တော့လည်း အာဏာငမ်းဖမ်းတဲ့ ရောဂါက အကင်းမသေပါဘူး။ ဆူပူအကြမ်းဖက်နည်းနဲ့ တိုင်းပြည်အာဏာကို ရလေမလားလို့ ကြိုးပမ်းလာကြပြန်ပါတယ်။ အဲဒီလောက်သာ လွယ်ကူနေရင် ကျုပ်တို့တိုင်းပြည်မှာ အစိုးရဆိုတာတောင် ရှိနေမှာ မဟုတ်ပါဘူး။ သူတစ်လူ ငါတစ်မင်း လက်နက်ကိုင်ပြီး လူပါးဝနေကြမှာပဲ ဖြစ်ပါတယ်။

အာဏာငမ်းဖမ်းရာနေ အကြမ်းဖက်အသွင်းပြောင်းလာတဲ့ NLD တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုနဲ့အတူ အထိနာတာကတော့ USDP ပါတီဝင်တွေ ဖြစ်လာပါတယ်။ ပထမဆုံး NLD အစွန်းရောက် အကြမ်းဖက်တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ ဦးညွန့်ခိုင်၊ ဒေါ်မိုးသူဇာ၊ ဒေါ်မို့မို့ဝင်း တို့ဆိုတာ ကျွန်တော် သွားရောက်တွေ့ဆုံ မေးမြန်းပြီး ဖော်ထုတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။ သူတို့တွေဟာ ရွေးကောက်ပွဲ ကာလတုန်းက USDP အတွက် ဆောင်ရွက်ပေးခဲ့တာကို အညှိုးထားပြီး NLD အစွန်းရောက် အကြမ်းဖက်သမားတွေက ယုတ်မာရိုင်းစိုင်းစွာ ပြုမူခဲ့ကြခြင်းဖြစ်ပါတယ်။

ထို့အတူပဲ အနယ်နယ်အရပ်မှာ NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသူတွေက USDP ပါတီဝင်တွေ၊ ဝန်းရံသူတွေပဲ များပါတယ်။ တစ်နိုင်ငံလုံး NLD အစွန်းရောက် အကြမ်းဖက်သမားတွေက ရဟန်းရှင်လူပြည်သူ ၃၆၀၀ ကျော် ကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ရာမှာ USDP ပါတီဝင် နဲ့ ဝန်းရံသူ ၂၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ကြားကာလမှာ ညီညီညွတ်ညွတ်နဲ့ စုဖွဲ့ ကာကွယ်တုန့်ပြန်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ဖူးပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေ မရှိခဲ့ပါဘူး။

မည်သို့ပင်ဆိုစေ ဖြစ်ပေါ်ခဲ့တဲ့ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကျရောက်လာချိန်မှာ ခုခံကာကွယ် တားဆီးရေးအတွက် ကျွန်တော်လည်း တာဝန်မကျေပါဘူး။ ပေါ့လျှော့မှုတွေကြောင့်ပဲ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပေါင်းများစွာကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့မိတ်ဖက် အကြမ်းဖက်အဖွဲ့တွေက ရက်စက်စွာ သတ်ဖြတ်နိုင်နေခြင်းဖြစ်ပါတယ်။ တာဝန်မကျေပွန်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပါတယ်။ အခြားသူများကို အထွေအထူး အပြစ်တင်ပြောဆိုမနေပါဘူး။ ကိုယ်တိုင်မှ တာဝန်မကျေဘဲနဲ့ သူများတာဝန်မဲ့တာကို အပြစ်တင်နေလို့ မထူးပါဘူး။

နိုင်ငံရေးပြဿနာတွေဆိုတာက ဖြစ်ပေါ်ခဲ့တာတွေအပေါ်မှာ သင်ခန်းစာယူပြီး ထပ်ဖြစ်မလာအောင် အကောင်းဆုံး စဉ်းစားကြံဆပြီး ကာကွယ်ကြရတာ ဖြစ်ပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားများရဲ့ လုပ်ရပ်များကတော့ ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းတဲ့ အခြေအနေမျိုးကို ကျော်လွန်လာပြီဖြစ်တဲ့အတွက် အကြမ်းဖက်ခံနေရသူများ ဘက်ကလည်း အကြမ်းဖက်ဘေးအန္တရာယ် ကင်းဝေးအောင် ကြံဆရမယ့် အပိုင်းတွေ ရှိလာပါတယ်။

USDP ပါတီ တတိယအကြိမ် ညီလာခံမှာ ဥက္ကဋ္ဌ ဦးသန်းဌေး အနားယူပြီး ဥက္ကဋ္ဌ သစ်အဖြစ် ဦးရီကို တာဝန်တွေ လွှဲအပ်သွားခဲ့ပါတယ်။ ဦးသန်းဌေးရဲ့ မိန့်ခွန်းမှာလည်း အကြမ်းဖက်ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ပါတီဝင်တွေ၊ ပြည်သူတွေအတွက် ဦးဆောင်သူတစ်ယောက်အနေနဲ့ တာဝန်ကျေတယ်လို့ မထင်မိဘူးလို့ ပြောဆိုသွားတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေအရ ဆက်လက်ဆောင်ရွက်ဖို့ ဖြစ်နိုင်တဲ့အခြေအနေ မရှိတော့ဘူးဆိုတာကိုလည်း အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။

ဥက္ကဋ္ဌ အဖြစ်နဲ့ USDP ကို ဆက်လက်ဦးဆောင်ရမယ့် ဦးခင်ရီ ရဲ့ မိန့်ခွန်းမှာတော့ "ပြည်သူသာ အမိ၊ ပြည်သူသာ အဖ၊ ပြည်သူ့အသံ ဒို့နာခံ" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပါတီရဲ့ အဓိက လုပ်ငန်းစဉ်တွေကို ပြောကြားသွားပါတယ်။ ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ ပါတီပြင်ပ စည်းရုံးရေး ကို အရေးပေးပြောဆိုသွားသလို ပါတီကို ခိုင်မာကျစ်လစ်တဲ့ အင်စတီကျူးရှင်းတစ်ခု ဖြစ်ပေါ်လာအောင် ပုံဖော်ကြိုးပမ်းကြဖို့၊ ပါတီဝင်အင်အား တိုးပွားရေး၊ မိမိတို့တာဝန်ယူဆောင်ရွက်နေတဲ့ နယ်မြေဒေသအသီးသီးရဲ့ ပကတိ အခြေအနေမှန်ကို သုံးသပ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးစီမံချက် ကြိုတင်ရေးဆွဲ ဆောင်ရွက်ကြဖို့ ပြောကြားသွားခဲ့ပါတယ်။

ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းသမားများက အကြမ်းဖက်ခံနေရတဲ့ ပါတီဝင်တွေရဲ့ အခြေအနေကို ဇောင်းပေးမေးမြန်းလာတဲ့အခါမှာ ဥက္ကဋ္ဌ ဦးခင်ရီက ဖြစ်နိုင်သမျှ နည်းလမ်းများနဲ့ တုန့်ပြန်သွားမယ်လို့ ဖြေကြားသလို လက်နက်ရှိမှ တုန့်ပြန်လို့ ရတာမဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် စီမံချက်ရေးဆွဲသွားမှာ ဖြစ်သလို စုဖွဲ့မှုအင်အားနဲ့ ကာကွယ်သွားဖို့ကိုလည်း ဖြေကြားခဲ့ပါတယ်။

ယနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်နဲ့အတူ USDP အနေနဲ့လည်း အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေး ပုံစံသစ်တစ်ခုကို မြင်တွေ့လာရမယ့် အခင်းအကျင်း ဖြစ်ပါတယ်။

၂၀၁၀ မှ ယနေ့တိုင်အောင် မီဒီယာကဏ္ဍနဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျွန်တော့်အနေနဲ့တော့ မိတ်ဖက်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ USDP ဟာ အမျိုးသားရေးအတွက် အခိုင်အမာရပ်တည်လာတာကို ကိုယ်တိုင် လက်တွဲဆောင်ရွက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေအရ သက်သေခံနိုင်ပါတယ်။ မီဒီယာကဏ္ဍမှ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် ရပ်တည်ဆောင်ရွက်ခဲ့စဉ်ကလည်း ချစ်ခြင်း၊ မုန်းခြင်းထက် နစ်နာသူကုစားရေးကိုသာ အလေးပေးသလို အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ရတဲ့ ကာလမှာလည်း အမျိုးသားရေးကို အလေးထားတဲ့ ပါတီတိုင်းဟာ မိတ်ဆွေပဲလို့ မှတ်ယူခဲ့ပါတယ်။ ဒီအထဲမှာ USDP ၊ NDF ၊ PDP ပါတီတို့ဟာ အမျိုးသားရေးလှုပ်ရှားမှုတစ်လျှောက် လက်တွဲခဲ့ရတဲ့ အမျိုးသားရေးပါတီတွေပဲ ဖြစ်ပါတယ်။

ဒီနေ့ဒီအချိန် NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်လာရချိန်မှာလည်း နစ်နာသူ USDP ပါတီဝင်တွေဘက်ကပဲ ကျွန်တော်ရပ်တည်ပါတယ်။ USDP အနေနဲ့ NLD အစွန်းရောက် အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ရဟန်းရှင်လူပြည်သူများစွာ ဆုံးရှုံးနေရတဲ့ အခြေအနေကို စနစ်တကျ ကာကွယ်တားဆီးနိုင်ဖို့ အခင်းအကျင်းတစ်ခု ဖန်တီးပေးနိုင်ရေးကိုသာ မျှော်လင့်နေမိပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)