ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှု မကြာမီပြီးစီးတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှု မကြာမီပြီးစီးတော့မည်



MNP - နိုဝင်ဘာ   ၁၁


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာရှိ ကျေးရွာတွင်းလမ်းအရှည်ပေ ၃၆၀ အား ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ မကြာမီလုပ်ငန်းပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၉၉ ဒသမ ၅ သန်းဖြင့် လမ်းအကျယ် ၁၂ ပေ၊ ထု ၈ လက်မ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများနှင့်အတူ လယ်ကိုင်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာတွင်းကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား  လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဒေသခံကျေးလက်နေပြည်သူများ ရေရှည်သွားလာအသုံးပြုနိုင်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ သာမန်ပြင်ထိန်းရန်ပုံငွေကျပ် ၈ ဒသမ ၅ သိန်းဖြင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ စည်ပင်သာယာဈေးအတွင်း မိုးတွင်းကာလ ရေဝပ်သည့်နေရာများဖြစ်သည့် ဈေးအဝင်အထွက်လမ်းများနှင့် ဈေးရုံလျှောက်လမ်းများတွင် ရေဝပ်ခြင်းအန္တရာယ်မှကင်းဝေးစေရန်နှင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရန်အတွက် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျေးလက်စည်ပင်သာယာဈေးဝန်းကျင် သန့်ရှင်းသာယာစေရေးနှင့် မိုးတွင်းကာလများ၌ ရေဝပ်ခြင်းများထပ်မံမဖြစ်ပေါ်စေရေး အလေးထားပြုပြင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။


ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြနှင့် ကျေးလက်ဒေသသန့်ရှင်းသာယာလှပရေးနှင့် လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့ပြနှင့် ကျေးလက်ဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရကာ ယခုအကောင်အထည်ဖော်ဆောင်ရွက်နေသည့် လယ်ကိုင်းကျေးရွာရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်၍ မကြာမီအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကာ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာကူးလူးဖြတ်သန်း သွားလာနိုင်တော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။   


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)